ဘဏ်ဓါးပြများမိ

ရန်ကုန်တိုင်း၊ သင်္ဃန်ကျွန်း မြန်မာ့စီးပွားရေးဘဏ် အတွင်းသို့ ၀င်ရောက် လုယက်ပြီး ဘဏ်ဝန်ထမ်းတဦးအား ဓားဖြင့် ထိုးသတ်သွားသူ တရားခံ (၂) ဦးအား ဖမ်းမိလိုက်ပြီ ဖြစ်သည်။တရာခံများမှာ သင်္ဃန်းကျွန်းတွင် နေထိုင်သူ ဇော်ကြီးနှင့် သန်းထွေးဆိုသူတို့ ဖြစ်ပြီး ယခုလ (၂၅) ရက် (၂၈) ရက်နေ့ တို့တွင် တနေရာစီမှ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ဧပြီလ (၈) ရက်နေ့တွင် ဖြစ်ပွားသော ဘဏ်လုယက်မှုတွင် ဘဏ်မန်နေဂျာ ဦးခင်အေး၊ စာရင်းကိုင် ဦးအေးကြိုင်တို့ ဒဏ်ရာရရှိကာ ကြီးကြပ်ရေးမှူး ဦးစိန်ရွှေမောင်သည် ရင်ညွန့် ဓားဒဏ်ရာဖြင့် သေဆုံးသွားသည်။
မဇ္ဈိမက အစောပိုင်းက ရရှိထားသော သတင်းအရ လုယက်သူများသည် ကျပ်သန်းပေါင်း (၉ဝဝ) ခန့် လုယူ သွားသည်ဟု ဆိုသော်လည်း သတင်းစာတွင် ယင်းကိစ္စနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြထားခြင်း မရှိပါ။
တရားခံများသည် ယခင်ကလည်း လူသတ်မှု၊ ဓားခုတ်မှုတို့ဖြင့် ပြစ်ဒဏ် ကျခံဖူးသူများဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် သင်္ဃန်းကျွန်းမှ တာဝန်ကျရဲများကို ၀တ္တရားနှောင့်ယှက်ကာ ထွက်ပြေးနေသူများ ဖြစ်သည် ဟု သတင်းက ဆိုသည်။
ဇော်ကြီး (ခ) ဇော်ဇော်ထွေး အား မြောက်ဥက္ကလာပမြို့နယ် (ဆ) ရပ်ကွက် သုနန္ဒာ (၉) လမ်းမ၊ (၁၇၄) နေ အစ်မတော်စပ်သူ ဒေါ်စန်းစန်းမြင့်နေအိမ်မှ (၂၅) ရက်နေ့ည (၁၁) နာရီ ခွဲတွင် ဖမ်းမိပြီး၊ သန်းထွေးအား ဒဂုံမြို့သစ် (တောင်ပိုင်း) ၅၆ ရပ်ကွက် စက်မှုဇုန် (၁) ရှိ ဦးဦး ခေါက်ဆွဲစက်ရုံ၌ ပုန်းခိုနေစဉ် ဧပြီလ (၂၈) ရက်၊ နံနက် (၅) နာရီခွဲတွင် ဖမ်းမိခဲ့သည် ဟု သတင်းတွင် ဆက်လက် ဖော်ပြထားသည်။
ဘဏ်လုယက်သူ တရားခံများကို ရက်ပေါင်း (၂၀) အတွင်း ဖမ်းဆီးမိသော်လည်း လွန်ခဲ့သော (၂) လ က ဖြစ်ပွားခဲ့သော ကမာရွတ်မြို့နယ်မှ (၅) လောင်းပြိုင် လူသတ် တရားခံများကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ၊
မတ်လ (၃) ရက်နေ့က ကုန်သည်ကြီး ဦးချာလီ၏ မိသားစု ၄ ဦး နှင့် အိမ်ဖေါ်တဦးကို ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်း အမှတ် (၁၂၆) ရှိ နေအိမ်တွင် သေနတ်သမားများက သွေးအေးအေးဖြင့် ပစ်သတ်သွားခဲ့သည်။



ဆက်ဖတ်ရန်...

တိုင်းရင်းသား ၁၂ ပါတီကကန့်ကွက်မဲထည့်ရန်တိုက်တွန်း

လူထုဆန္ဒ ခံယူပွဲတွင် တခဲနက် ကန့်ကွက်မဲပေးကြရန် မြန်မာပြည်တွင်းရှိ တိုင်းရင်းသားပါတီ ၁၂ ပါတီက ပြည်သူများကို ယနေ့ တိုက်တွန်းလိုက်သည်။ဥပဒေမူကြမ်းကို ပြည်သူ့ ကိုယ်စားလှယ်များက ရေးခြင်းမဟုတ်ဘဲ စစ်တပ်က အာဏာ အရပ်ရပ်ကို ချုပ်ကိုင်မည့် ဗဟိုက ချုပ်ကိုင်သော အစိုးရ ပုံစံသာဖြစ်ပြီး ဒီမိုကရေစီ အနှစ်သာရ ပြည့်ဝသော စစ်မှန်သည့် ပြည်ထောင်စုကို မဖော်ဆောင်နိုင်သဖြင့် နိုင်ငံရေးအသိနှင့် သတိရှိသူတိုင်းက မိမိဆန္ဒ မဲတပြားဖြင့် သမိုင်းမှတ်ကျောက် တင်ရေးအတွက် ကန့်ကွက်မဲပေးရန် သူတို့က တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီ ခေါင်းဆောင် ပူးကျင်ရှင်းထန်က “ဒီအစိုးရကို ကန့်ကွက်တဲ့ သူက ကန့်ကွက်၊ ထောက်ခံတဲ့လူက ထောက်ခံ ပြောနေကြပေမယ့် အဲဒီလိုလုပ်ရင် နောက်မှာတခုခု ဖြစ်မလား ဆိုပြီးတော့ စိုးရိမ် ကြောင့်ကြမှုတွေ ရှိနေတော့၊ သွားပြီးတော့ မကန့်ကွက်မိမှာ စိုးလို့ ကျနော်တို့က ထုတ်တာပါ” ဟု ပြောသည်။
“ဒီမိုကရေစီ လိုချင်တဲ့ လူတယောက်မှာ ပေးပိုင်ခွင့်၊ အသည်းကြားက မဲတပြားဆိုတာ ဒီတခါရတယ်။ အဲဒီမှာ ကန့်ကွက်ချင်တယ်ဆိုရင် ရှိတဲ့ အခွင့်အရေးကို ရဲရဲတင်းတင်း ကန့်ကွက်ကြပါလို့ ပြောချင်တာပါ။ နောင်မှာ တခုခု ဖြစ်မယ်ဆိုတာကို ဒီအချိန်မှာ မတွက်ပါနဲ့။ နောင်ခါလာ နောင်ခါဈေး ထားပြီးတော့ လုပ်ပါ၊ တကယ်လို့ ကန့်ကွက်ရဲ့သားနဲ့ ထောက်ခံမဲ ဖြစ်သွားရင် ကျနော်တို့မှာ လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ အဲဒါကြောင့် သွားပြီး ကန့်ကွက်မဲ ထည့်ပါ” ဟု သူက ဆက်ပြောသည်။
ပြည်သူများက စိုးရွံ့မှုကြောင့် ဆန္ဒအမှန်ကို မျိုသိပ်ထားခြင်း၊ မဲရုံသို့ မသွားဘဲနေခြင်း၊ ကြားနေခြင်းတို့ ပြုလုပ်ပါက ရလဒ်ဆိုးများကို သွယ်ဝိုက် ထောက်ခံရာ ရောက်ပြီး ပိုမိုဆိုးဝါးသော အနာဂတ်နှင့် ရင်ဆိုင်ရမည်ကို သတိချပ်ရန် လိုသည်ဟု ၁၂ ပါတီက ဆိုသည်။
စစ်အစိုးရက ထုတ်ပြန်ခဲ့သည့် ဆန္ဒခံယူပွဲ ဥပဒေအရ ပြည်သူများအနေနှင့် မဲရုံဖွင့်ချိန်နှင့် ဆန္ဒမဲ ရေတွက်ချိန်တို့တွင် စောင့်ကြည့်ကြရန်လည်း အလေးအနက် တိုက်တွန်းထားသေးသည်။
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဦးအုံးတင်က “အခုအခြေခံ မူကြမ်းက နံပါတ် (၁) ဒီမိုကရေစီ အနှစ်သာရ မရှိဘူး၊ (၂) တိုင်းသူပြည်သား တဦးချင်းစီကို ဘယ်လိုမှ အကျိုးကျေးဇူး ပေးနိုင်တဲ့ အနေအထားမရှိဘူး၊ (၃) စစ်အာဏာရှင် စနစ်ကို ဆက်လက် တည်ရှိနေဖို့အတွက် အထောက်အကူ ပေးနေတာ တွေ့ရတယ်။ အဲဒါကြောင့် တနိုင်ငံလုံးမှာ ရှိနေတဲ့ မြန်မာ ပြည်သူပြည်သားများ အားလုံး ဆန့်ကျင်မဲ ထည့်ဖို့ ကျနော် တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။
တိုက်တွန်းချက်ကို ၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အမတ်နေရာ ၂၃ နေရာ အနိုင်ရရှိခဲ့သည့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၁၁ နေရာ ရခဲ့သည့် ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် အမတ်နေရာများ ရခဲ့သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသား နိုင်ငံရေးပါတီ UNA က ထုတ်ပြန်ခြင်း ဖြစ်သည်။
UNA တွင် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသား ကွန်ဂရက်၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီကွန်ဂရက်၊ ကယားပြည်နယ် လူမျိုးပေါင်းစုံ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသား ညီညွတ်ရေးနှင့် ဒီမိုကရေစီ အဖွဲ့ချုပ်၊ မရာပြည်သူ့ပါတီ၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီနှင့် ရခိုင်ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစု ပါတီတို့ ပါဝင်သည်။ ယခုအခါ ရှမ်းနှင့် ကိုးကန့်ပါတီမှ လွဲလျှင် ကျန်ပါတီများအား စစ်အစိုးရက ဖျက်သိမ်းပြီး ဖြစ်သည်။

ရန်ကုန် မှကူးယူဖော်ပြပါသည်။

ဆက်ဖတ်ရန်...

မလေးရှား ရောက်ရွှေမြန်မာများ ရဲ့ မဲပေးမှု

မလေးရှားရှိ မြန်မာ အများအပြား တနင်္ဂနွေနေ့က မြန်မာသံရုံး ရှိရာသို့ မဲပေးရန် သွားရောက်ခဲ့ကြသော်လည်း No စာတန်းပါ တီရှပ်အနီများ ဝတ်ဆင်သွားခဲ့သူများကို မလေးရှား ရဲများက မောင်းထုတ်ခဲ့ကြောင်း သိရပါသည်။
တရားဝင် ပါမစ်ဖြင့် အလုပ်လုပ်ကိုင်နေပြီး ထိုသို့ မောင်းထုတ်ခံခဲ့ရသူ ကွာလာလမ်ပူရှိ မြန်မာ အလုပ်သမားတဦးက မြန်မာသံရုံးက မလေးရှားရဲများကို ခေါ်၍ တီရှပ် ဝတ်ဆင်ထားခဲ့သူများကို မောင်းထုတ်စေခဲ့ခြင်း ဖြစ်ကြောင်း ပြောပြခဲ့ပါသည်။
စစ်အစိုးရ၏ ဖွဲ့စည်းပုံ ဥပဒေကို ကန့်ကွက်မဲပေး၍ ပယ်ချရန် ထိုသို့ တီရှပ်များဝတ်၍ အများပြည်သူကို လှုံ့ဆော် စည်းရုံး ကင်ပိန်းလုပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သူက ဆက်လက် ပြောဆိုသွားပါသည်။
ပီနန်ပြည်နယ်ရှိ အလုပ်ဌာနမှနေ၍ ကွာလာလမ်ပူသို့ မဲပေးရန် လာရောက်ခဲ့သူ မြန်မာ အလုပ်သမား တဦးက သူနှင့်အတူ သူ့သူငယ်ချင်း အယောက် ၄ဝ သည် ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲ ပေးခဲ့ကြောင်း ပြောကြားသွားပါသည်။
သူ့လိုပင် ပီနန်မှ လာရောက်၍ မဲပေးသူ အယောက် ၁ဝဝ ခန့်သည်လည်း ကန့်ကွက်မဲ ပေးခဲ့ကြသည်ဟု သူက ဆိုလိုက်ပါသည်။
ကွာလာလမ်ပူတွင် ကျောင်းတက်နေပြီး မဲရုံတွင်မဲ ထည့်၍ ပြန်ထွက်လာသူ ကျောင်းသူတဦးကလည်း ကန့်ကွက်မဲ ထည့်ခဲ့ကြောင်း မဇ္ဈိမကို ပြောဆိုသွားပါသည်။
“ကျမကတော့ ကန့်ကွက်မဲ ပေးခဲ့တာဘဲ၊ သူတို့ ဆွဲထားတဲ့ ဖွဲ့စည်းပုံမူကြမ်းက ပြည်သူတွေအတွက် အကျိုးမှ မရှိဘဲ။ တိုင်းပြည်မှာ စစ်အုပ်ချုပ်ရေးကို ပိုခိုင်မာအောင် လုပ်ထားတာဘဲ ရှိတယ်” ဟု သူမက ပြောကြားသွားပါသည်။
ဤသို့ သူမနှင့် သူမ၏ သူငယ်ချင်းများ ကန့်ကွက်မဲ ထည့်ခဲ့ကြသော်လည်း စစ်အစိုးရက မဲလိမ်ပြီး မဲများကို ပြောင်းလဲ ပစ်လိုက်မည်ကိုမူ စိုးရိမ်ကြောင်း၊ မဲစာရင်းကို သံရုံးတွင် ကြေညာမည် မဟုတ်၍ ထိုသို့ စိုးရိမ်ပူပန်ရခြင်း ဖြစ်ကြောင်း သူမက ထုတ်ဖေါ် ပြောကြားသွားပါသည်။
မဲပုံးများကို အထက်ဆင့် တာဝန်ရှိသူများမှတဆင့် နေပြည်တော်အထိ အရောက်ပို့ရန် စစ်အစိုးရက မဲရုံတာဝန် ရှိသူ မဲရုံအရာရှိများကို ညွှန်ကြားထားကြောင်း မြန်မာပြည်တွင်းရှိ သတင်းရပ်ကွက်များ၏ အဆိုအရ သိရပါသည်။ နေပြည်တော်ရောက်မှသာ တနိုင်ငံလုံးမှ မဲပြားများ အားလုံးကို ရေတွက်၍ ရလဒ်ကို ကြေညာမည် ဖြစ်သည်။

မဲရုံနှင့်မဲပြား

သံရုံးရှိမဲရုံတွင် တနင်္ဂနွေနေ့က မဲထည့်ပြီး ပြန်ထွက်လာသော မြန်မာ အမျိုးသမီးတဦးက သံရုံးအတွင်းတွင် မဲရုံလေး သီးသန့် လုပ်ထားကြောင်း၊ ထိုနေရာတွင် မဲပေးသူများက လျှို့ဝှက်စွာ မဲပေးနိုင်ကြောင်း၊ ထို့နောက်မှ မဲပုံးရှိရာသို့ သွား၍ မဲထည့်ရကြောင်း မဇ္ဈိမသို့ ပြောပြသွားပါသည်။
“ကျမရောက်တော့ ဆန္ဒမဲလက်မှတ် ထုတ်ပေးတယ်လေ။ ပြီးတော့ သီးသန့် လုပ်ထားတဲ့ အခန်းလေးထဲသွားပြီး ဆန္ဒပြုရတယ်။ ပြီးတော့မှ မဲပုံးထဲ ထည့်ခဲ့ရတယ်” ဟု သူမက ပြောပြသွားပါသည်။
ဆန္ဒမဲလက်မှတ်ပေါ်တွင် မဲရုံ၏ ဆီးလ်တံဆိပ်ပါ၍ “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံပါသည်၊ မထောက်ခံပါ ” ဟု ရေးသားထားပြီး အောက်တွင် ထောက်ခံအတွက် အမှန်ခြစ်ခြစ်၍ ကန့်ကွက်အတွက် ကြက်ခြေခတ်ရကြောင်း ပြောပြပါသည်။

ဆက်ဖတ်ရန်...

အင်တာနက်ကို အဆင့်လိုက်ဖြတ်တောက်မည်

လာမည့် ဆန္ဒခံယူပွဲ အတွင်း သတင်းစီးဆင်းမှု တားဆီးရန်အတွက် အင်တာနက် ဆက်ကြောင်းများအား စီစစ် ဖြတ်တောက်ရန် စီမံမှုများ ပြုလုပ်နေကြောင်း ၀န်ကြီးဌာန သတင်းရပ်ကွက်အရ သိရသည်။
ဖြတ်တောက်မည့် ပုံစံမှာ ဆာဗာများ ခွဲချထားပြီး အလွှာလိုက် ဖြတ်တောက်မည့် ပုံစံ ဖြစ်သည်။
အများပြည်သူသုံး အင်တာနက် ကဖေးများ၊ စီးပွားရေး လုပ်ငန်းသုံးနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း စသဖြင့် အဆင့် ၃ ဆင့် ခွဲကာ ဖြတ်တောက်မှု ပြုလုပ်မည် ဖြစ်သည်ဟု နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။အစိုးရဘက်မှ ခွင့်မပြုလိုသော အချက်အလက်များ၊ ဓာတ်ပုံများ အင်တာနက်မှ ထွက်ပေါ်လာသည်ကို စတင် တွေ့ရှိပါက ပထမဆုံး PAC ခေါ် အများပြည်သူသုံး အချက်အလက် စင်တာများအား စတင် ပိတ်ဆို့မည် ဖြစ်သည်။ သို့သော် စီးပွားရေး လုပ်ငန်းနှင့် ရုံးများအတွင်း အင်တာနက်ကို ဖွင့်လှစ်ထားမည် ဖြစ်သည်။ဆက်လက် ထွက်ပေါ်နေပါက အဆိုပါ စီးပွားရေး လုပ်ငန်းသုံး ဆက်ကြောင်းကို တားမြင့် ပိတ်ဆို့မည် ဖြစ်သည်။ နောက်တဖန် ထွက်လာပါက ခရီးသွား လုပ်ငန်းများ၏ ဆက်ကြောင်းကို ပိတ်မည် ဖြစ်သည်။မြန်မာနိုင်ငံတွင် ရွှေဝါရောင် တော်လှန်ရေးဟု ခေါ်တွင်သည့် သံဃာတော်များ ဦးဆောင်သည့် လူထုဆန္ဒပြပွဲ ဖြစ်ပွားစဉ်က သတင်း အချက်အလက်များနှင့် ဓာတ်ပုံများ အင်တာနက်မှတဆင့် နိုင်ငံတကာ သတင်း မီဒီယာများတွင် ပြန့်နှံ့မှု ဖြစ်ခဲ့ပြီးနောက် အလားတူ ဖြစ်ရပ်များ ဖြစ်ပွားလျှင် ပိတ်ဆို့မှုပြုရန် စစ်အစိုးရက ကြိုးစားနေခဲ့သည်။
"ထိုသို့ အဆင့်ဆင့် ပိတ်ဆို့ခြင်းဖြင့် ဘယ်နေရာတွေက သတင်းများ ထွက်ပေါ်နေသည်ကို သိရှိရန်မှာ လွယ်ကူသွားသလို အင်တာနက်အား ပိတ်ဆို့ထားသည် ဟူသော နိုင်ငံတကာ ပြောဆိုမှုမှလည်း လွတ်မြောက်ဖွယ်ရှိရန် စီစဉ်ထားခြင်း ဖြစ်သည်" ဟု စစ်အစိုးရ အင်တာနက် ထိန်းချုပ်ခြင်းကို စောင့်ကြည့် လေ့လာနေသူ ရန်ကုန်ရှိ ကျွမ်းကျင်သူ တဦးက ပြောသည်။ထို့အပြင် ပိတ်ဆို့ရာတွင် လုံးဝ သုံးမရအောင် ပိတ်ဆို့ခြင်းနှင့် နှေးကွေး လေးလံစွာ သုံးရေရအောင် ဘန်းဝှစ် Bandwidth လျော့ချခြင်း နှစ်မျိုးဖြင့် လုပ်ဆောင်ဖွယ် ရှိကြောင်းလဲ ပြောသည်။
လက်ရှိ အခြေအနေတွင် ရန်ကုန်နှင့် မြန်မာနိုင်ငံ မြို့ကြီးများ၏ အင်တာနက် ကွန်နက်ရှင်သည် ဆက်လက် နှေးကွေးနေဆဲ ဖြစ်သည်။
စက်တင်ဘာ တော်လှန်ရေးတွင် အင်တာနက် ထွက်ပေါက်ကို အစိုးရမှ ပိတ်ဆို့လိုက်ပြီးနောက် မြန်မာပြည်အတွင်း ခရီးသွားလုပ်ငန်း အပါအ၀င် အခြားသော ဆိုက်ဘာ အခြေပြု စီးပွားရေး လုပ်ငန်းများတွင် ဒေါ်လာ သန်းနှင့်ချီ၍ ဆုံးရှုံးခဲ့သည်။

ဆက်ဖတ်ရန်...

အကြံပြု ပန်ကြားလွှာ

ပန်ကြားလွှာ





ဆက်ဖတ်ရန်...

နအဖအခြေခံဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ဂျပန်ရဲများ အဓိကရုဏ်းဖြစ်ပွားနေ

ယနေ့ နံနက်ပိုင်းက ဂျပန်နိုင်ငံ နအဖသံရုံးရှေ့၌ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ နအဖဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲအား ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။ ဆန္ဒပြပွဲအား ဂျပန်ရဲတပ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ရိုက်နှက်ဖြိုခွင်းသဖြင့် ဦးမြင့်သိန်း (အဲန်အယ်လ်ဒီ)၊ မသော်တာမင်းထွန်း (ဘီဒီ အေ)၊ ကိုစိုးမင်းအောင် (ဘီဒီအေ)၊ မမြဖြူပြာ (လူ့ဘောင်သစ်)၊ နော်သာဘလူးနှင့် အမျိုးသမီးတဦး အပါအ၀င် အမျိုးသား (၈) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်သည့် မသော်တာမင်းထွန်းမှာ ဗိုက်ကို ရိုက်နှက်ခံရသဖြင့် ကိုယ်ဝန်ပျက်ကျမလို ဖြစ်နေကြောင်း သိရသည်။ ကိုလင်းအောင် (အဲန်အယ်လ်ဒီ)မှာ ရိုက်နှက်သည့် ရဲများအား ပြန်လည်ခုခံ ထိုးကြိတ်သဖြင့် ဖမ်းဆီးသွားကြောင်း ဆန္ဒပြနေသော ရဲဘော်များမှ သတင်းပေးပို့လာသည်။ ယခုအချိန်ထိ ဆက်လက်ဆန္ဒပြ ကြွေးကြော်နေကြဆဲဖြစ်ပြီး ဆန္ဒပြရဲဘော်များအား ဂျပန်ရဲတပ်ဖွဲ့မှ ၀ိုင်းပတ်ပိတ်ဆို့ထားကြောင်း သတင်းရရှိ သည်။ (ကိုလင်းအောင်နှင့် မြန်မာလူငယ်(၄)ဦးအား ဂျပန်အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်သည်ကို တိုကျိုရုပ်မြင်သံကြား အစီအစဉ်မှ ထုတ်လွှင့်သွားခဲ့သည်)

နောက်ဆက်တွဲ သတင်းပေးပို့ချက်အရ ဆန္ဒပြ ရဲဘော်များနှင့် ဂျပန်ရဲများ အပြန်အလှန် ထိုးကြိတ်ရိုက်နှက် တိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။ မြန်မာမိန်းကလေးငယ်များအား ခြေနှင့်လက်တို့ကို ချုပ်နှောင်၍ ပက်လက် တရွတ်တိုက်ဆွဲခေါ်ကာ သံရုံးဘေး ပန်းခြံ၌ ထိန်းသိမ်းထားကြောင်း၊ သံရုံးမိုးကောင်းကင်တွင် စစ်ရဟတ်ယာဉ် ၅ စီး ၀ဲပျံ လျက်ရှိကြောင်း၊ မိန်းခလေးများမှာ အ၀တ်အစားများ ဖရိုဖရဲဖြစ်လျက် ဘောင်းဘီကျွတ် စကတ်ကျွတ် ဖြစ်နေကြကြောင်း၊ ဂျပန်အာဏာပိုင်များ ယခုကဲ့သို့ နှိမ်နင်းဖြိုခွဲသော်လည်း ဆက်လက် တိုက်ပွဲဝင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထပ်မံပေးပို့လာသော သတင်းများအရ ဆန္ဒပြသူဦးရေ (၃၀၀)ခန့်ရှိပြီး မိန်းကလေးနှစ်ဦး ထပ်မံဒဏ်ရာရရှိကာ ဆေးရုံးတင်ပို့လိုက်ရကြောင်း၊ ဂျပန်ရဲတပ်ဖွဲ့ဝင်များ အင်အားထပ်မံဖြည့်တင်းနေပြီး ဆက်လက် အကြမ်းဖက်ဖြိုခွင်းရန် ပြင်ဆင်ကြောင်း၊ သို့သော် ဒီမိုကရေစီအင်အားစုများအနေနှင့် စုစည်းညီညွတ်စွာ ဆက်လက် တိုက်ပွဲဝင်လျက်ရှိကြောင်း၊ ဂျပန်ရဲများ ဖြိုခွင်းသည့်ပုံစံမှာ နအဖစစ်ခွေးများ၏ နည်းနာနှင့် ဆင်တူကြောင်း သတင်းရရှိသည်။

ဆက်ဖတ်ရန်...

ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု ဓါတ်ပုံ




မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ ဂျပန်နိုင်ငံ မြန်မာသံရုံးရှေ့နအဖအခြေခံဥပဒေ ဆန့်ကျင်ကွက်ပွဲ အဓိကရုဏ်း ဓာတ်ပုံများ








ဆက်ဖတ်ရန်...

ဂျပန်သတင်း - နောက်ဆက်တွဲ(၁)ရဲများနှင့် အဓိကရုန်းဖြစ်စဉ် မိန်းခလေး (၂) ဦး ထပ်မံဒဏ်ရာရရှိ၍ ဆေးရုံကားဖြင့် တင်ဆောင်သွားကြောင်း၊ သံရုံးအတွင်းသို့ မရမက ၀င်ရောက်ပြီး မဲသွားပေးသူ အမျိုးသမီးတဦး သံရုံးအပြင်သို့ ပြန်ထွက်လာစဉ် မေးမြန်းကြည့်ရာမှာ သူမက အခုလို ပြောပြပါတယ်။“ကျမက ကန့်ကွက်မဲပေးဖို့ မရမက တိုးသွားတာပေါ့။ ရဲနဲ့ သံရုံးဝန်ထမ်းတွေကလည်း ပိတ်ထားတာပေါ့နော်။ အထဲရောက်တော့ မဲပေးမှာလားလို့ မေးတယ်။ ဟုတ်တယ်လို့ ပြောတော့ မဲစာရွက်ပေါ့နော် အမှားအမှန် ခြစ်ပေါ့။ ခြစ်ပြီးတော့ စာအိတ်တလုံးထဲ ထည့်ပိတ်ပြီး နောက်ခန်းက ပုံးထဲမှာ သွားထည့်ရတယ်။ ကျမ မဲခြစ်နေတော့ ဓာတ်ပုံရိုက်ယူတယ်။ ကန့်ကွက်မဲ ကြက်ခြေခတ် ခြစ်နေတာကို ရိုက်တာပေါ့။ ပြီးတော့ ထမင်းစားသွားပါလားတဲ့။ ကျမလှည့်တောင် မကြည့်ဘူး ပြန်ထွက်လာခဲ့တာ။ ဘာဖြစ်ဖြစ် အခွန်လည်း မဆောင်နိုင်ဘူး၊ ကိုယ်လုပ်နိုင်တဲ့ အပိုင်းကို လုပ်တာပဲ။ ဂျပန်ရဲတွေက ဒီတခါ အရမ်းမိုက်ရိုင်းတယ်၊ ကျမသူငယ်ချင်းတချို့ အရိုက်ခံရတယ်။”ဆန္ဒပြ ရဲဘော်တဦးကလည်း “သံရုံးအတွင်းဘက်ကနေ သံရုံးဝန်ထမ်းတဦးက အော်ဟစ်ပြီး ဆဲနေတယ်ဗျာ။ ၀င်လာရဲတဲ့ကောင် ၀င်ခဲ့၊ ရိုက်ထုတ်ပစ်မယ်၊ ဘာညာပေါ့။ ကျနော်တို့ ရဲဘော်တွေကလည်း ပြန်ဆဲပေါ့ဗျာ၊ ပွဲက မပြီးသေးဘူး။ ခုသံရုံးဝမှာတော့ ရဲကားတွေ၊ အချုပ်ကားတွေ၊ ဆေးရုံကားတွေနဲ့ ကျနော်တို့တွေကို ၀ိုင်းလည်းဝိုင်း၊ ကာလည်းကာထားတာပေါ့။ လောလောဆည်တော့ သံရုံးအတွင်းနဲ့အပြင် ဆဲလိုက် ကြွေးကြော်လိုက်နဲ့ ဆက်ချကြဦးမယ်” လို့ ပြောဆိုပါတယ်။ အဆိုပါ ရဲဘော်ကပဲ ဆက်လက်ပြီး “ဟော ခုပဲ သံရုံး မဲလာပေးတဲ့သူတွေကို မောင်းထုတ်ပြီး ပြန်ခိုင်းနေတယ်ဗျ၊ ကျနော်တို့ဆီမှာ ၄နာရီ ၄၀ ပေါ့နော်၊ ကျနော်တို့ ဆန္ဒပြ ရဲဘော်တွေကတော့ အခြေအနေ စောင့်ကြည့်နေကြတယ်။ မပြန်ကြသေးဘူး။ ပ ဆက်ရမယ့် အခြေအနေပဲ” လို့ ပြောပြပါတယ်။ ဒီကနေ့ ဆန္ဒပြတဲ့ လူဦးရေ ၃၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

ဆက်ဖတ်ရန်...

ဒီနေ့ရရှိသောသတင်း

၂၅-၀၄-၀၈ညနေပိုင်းနှင့်၂၆-၀၄-၀၈နံနက်ပိုင်းတွင်သက်ဆိုင်ရာမှသံဃာတော်များအား ကျောင်းပြင်မထွက်ရန် တားမြစ်မှုများရှိခဲ့။
ဘုန်းကြီးကျောင်းကျောင်းပတ်ဝန်ကျင်များတွင်အရပ်ဝတ်လုံခြုံရေးများ၊ကြံဖွတ်များ၊ဆိုင်ကယ်များဖြင့် အင်အားသုံးစောင့်ကြပ်ထားပြီးကျောင်းပြင်ထွက်လာသောသံဃာတော်များအားဓါတ်ပုံရိုက်ခြင်း၊မှတ်သားခြင်း များ စောင့်ကြည့် ပြုလုပ်နေကြောင်းသိရှိရသည်။
၂၆-၀၄-၀၈ နံနက် ပိုင်းတွင် နယ်မှ ရောက်ရှိလာသော သံဃာတော်များအား ကားဂိတ်များတွင် ခေါ်ယူမေးမြန်းမှုများရှိခဲ့ကြောင်းသိရသည်။
ယနေ့ ညနေ ၄း၀၀ ခန့်တွင် စက်တင်ဘာရွှေဝါရောင် တော်လှန်းရေး (၇) နှစ်ပြည့် အထိမ်းအမှတ်ငြိမ်းချမ်းစွာ ၀တ်ပြုဆုတောင်း၇န် ရည်ရွယ်ထားခဲ့သော်လည်း၊ လုံခြုံရေးများ အဆမတန် အင်အားသုံးဖြန်ချထားခြင်း၊ သံဃာတော်များအား ကြံ့ဖွတ် နှင့် အရပ်ဝတ်များမှ တစ်ဦးချင်း အနီးကပ် စောင့်ကြည်နေခြင်းတို့ကြောင့် ထိပ်တိုက်ရင်ဆိုင်မှု အနည်းငယ်ဖြစ်ရုံမျှသာ ဖြစ်ခဲ့သည်။
(၅း၀၀ခန့်တွင် နိုင်ငံခြားသား ရဟန်းများရောက်ရှိလာပြီး ရွှေတိဂုံရင်ပြင်တော်ပေါ်တွင်အစုလိုက် ဆုတောင်းဝတ်ပြုသွားကြောင်း)
ညနေ ၆း၂၀ ကျော်အချိန်မှ လူစုခွဲသွားကြောင်းသိရသည်။

ထိုနေ့နံနက်ပိုင်းတွင် ဒဂုံမြို့ဦးစေတီတွင် အလားတူ လှုပ်ရှားမှုတစ်ခုဖြစ်ခဲ့ကြောင်း၊ တောင်/မြောက် ဒဂုံတွင် ဆန့်ကျင်ရေးစာရွက်များဖြန့်ဝေခြင်း၊ Vote No Sticker များ ဖြန့်ဝေခြင်း၊ ပျောက်ကြား လှုံ့ဆော်မှုများပြုလုပ်ကြောင်းသိရသည်။
စော်ဘွားကြီးကုန်း၊(၁၀)မိုင်ကုန်း၊ဘုရင့်နောင်နှင့်မြောက်ဥက္ကလာလမ်းဆုံများတွင်လည်းအလားတူပြုလုပ် ကြောင်းသိရသည်။

၇န်ကုန်မြို့ အခြေအနေမှာ လုံခြုံရေးအဆမတန် တင်းကျပ်ထားကြောင်းသိရသည်။

ဆက်ဖတ်ရန်...

အိမ်သို့ပေးစာ

အိမ်သို့ပေးစာ



ပြည်တော်ပြန် ညတံတိုင်းတွေက



အမှောင်ကျော် အိမ်မက်ရိုင်းအဖြစ်ရပ်တည်



စိတ္တဇတမ်းချင်းတွေကြားမှာ



ကမ်းခြေမဲ့တဲ့ လှိုင်းလုံးတွေဖြစ်သွားတယ်...



လွမ်းရေးတစ်ရာနဲ့ ၀မ်းရေးတစ်ထွာကြား



တိုင်းတပါးရဲ့ အနှိမ်ခံအလုပ်အား



သက်ပြင်းရှည်များ ဆေးဝါးထားကာ



တေးသွားတွေတောင် အင်အားမဲ့



ငွေရှာရင်းနဲ့ပဲ မွဲနေခဲ့တယ်...



အမိမြေရဲ့ ဘွဲ့လက်မှတ်ပညာရွှေအိုးက



ပစ်စလက်ခတ်ချထားရင်တောင် ခိုးသူမရှိလို့



ဆုတ်ဖြဲပစ်ဖို့ကောင်းတဲ့ စက္ကုတစ်ရွက်သာသာဆို



ကုန်ထားတဲ့အချိန်တန်ဖိုးကို စိတ်ဆိုးမိတယ်...



ဖြစ်ချင်သမျှနဲ့ ဖြစ်နေသမျှကြားမှာ



မပြန်သာအလှမ်းဝေးကွာ တစ်နေရာက



မွေးဌာနေကို မှန်ကာနေလည်း



လစာကနည်း ဖြတ်တာတွေမွဲလို့



ဒီတစ်လလည်း ငွေနည်းနည်းပဲပို့ လိုက်တယ်။ ။



လွမ်းနေမင်း

ဆက်ဖတ်ရန်...

ခေါင်းဆောင်၏ဂုဏ်အင်္ဂါရပ်များ

Major Attribute of Leaderships

(1) Unwavering Courage (၁) အရှုံးမပေးသောသတ္တိ(၀ါ)အနိုင်မခံသောသတ္တိ

(2) Self control (၂) မိမိကိုယ်ကိုထိန်းသိမ်းနိုင်မှု

(3) A keen sense of justice (၃) တရားမျှတမှုကိုခွဲခြားသိမြင်တတ်သောစိတ်

(4) Definiteness of decision (၄) တိကျသောဆုံးဖြတ်ချက်ကိုချမှတ်တတ်ခြင်း

(5) Definiteness of plan (၅) တိကျသောစီမံကိန်းကို ရေးဆွဲနိုင်ခြင်း

(6) The habit of doing more than paid for (၆) ရသည့်ငွေကြေးဥစ္စာထက်ပို၍ လုပ်အားပေးခြင်း

(7) A pleasing personality (၇) နှစ်လိုဖွယ်ကိုယ်ရည်ကိုယ်သွေးရှိခြင်း

(8) Sympathy and understanding (၈) စာနာတတ်ခြင်း နားလည်ပေးခြင်း

(9) Mastery of detail (၉) အသေးစိတ်စီစစ်ရာ၌ အထူးကျွမ်းကျင်ခြင်း

(10) Cooperation (၁၀) ပူးပေါင်းဆောင်ရွက်တတ်ခြင်း

နပိုလီယံဟိလ်

NAPOLEON HILL

ဆက်ဖတ်ရန်...

လူထုဒေါ်အမာဈာပန



DVB မှကူးယူဖော်ပြပါသည်။



ဆက်ဖတ်ရန်...

အုန်းသီး ထဲကို ‘ထောက်ခံမဲ‘ ဘယ်လို ရောက်လဲ

ရေ ထဲမှာ `ငါး` ရှိတယ် …. ပင်လယ်ထဲမှာ ‘ငါး‘ ရှိတယ် ….

ချောင်း ထဲမှာ ‘ငါး‘ ရှိတယ် …. ကန် ထဲမှာ …. ‘ငါး‘

ရှိတယ်…ထို့ ကြောင့် …. အုန်းသီး ထဲမှာ ‘ငါး‘

ရှိတယ်။ပျိုးပင် ကို ရောင်းစားတဲ့ …….

ယဉ်ကျေးမှု အလွှာ ကြားမှာ …..စားအုန်းဆီ တစ်ပိဿာ

အတွက် …. ဈေးကြီးနေဆဲ အသက်ရှင်မှု ကို ….

ရောင်းစား ပြစ်တဲ့ …. ‘မောင်ကာလု‘ နဲ့ …..နတ်ကနားပွဲ

မှာ မွေး …… အခွန်လွတ် ဈေးမှာ ပညာသင် ….

ကိုးရီးယား အပြုံးနဲ့  …. ပေါက်စီ ကို စားပြီး….

အချိန်ပို မှာ ဂိုး လှူခဲ့တဲ့ …. မဟာကံထူးရှင်

အကယ်ဒမီ ဆု ပိုင်ရှင် တို့  ….သုံးဆယ့်လေးနှစ်

ကြာတဲ့ အထိ …. မွဲပြာ ပုဆိုး ကြိုက်နေတုံး ဆို ….

အရူးသဘင် အတွက် …. ထောက်ခံမဲ တော့ မပေးကြနဲ့  ….

ဘိုးဘွားရိပ်သာ ရောက်မှ … ‘တောက်‘ ခေါက် နေရ အုံး

မယ်။

ရေးသူ။ ။ ကိုအောင်: http://pyustate.blogspot.com Blog ကကြိုက်လို့မလာတာ ဗျာ့…..

ဆက်ဖတ်ရန်...

ပြတ်ပြတ်သားသား ကန့်ကွက်မှ ဖြစ်ပါလိမ့်မယ်


မိတ်ဆွေများ၊ ရဲဘော်များခင်ဗျား
မကြာခင်ကျင်းပတော့မယ့် နအဖရဲ့ လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီအင်အားစုများအတွင်း၊ ပြည်တွင်းမှာရော ပြည်ပ မှာပါ သဘောထား ၂ ရပ် ကွဲပြားနေတာ တွေ့ရပါတယ်။ တစုက ဒီဆန္ဒခံယူပွဲကို လုံးလုံးလျားလျား သပိတ်မှောက်ရေးဖြစ်ပြီး လူထုကို ဆန္ဒခံယူပွဲမှာ သွားရောက်မဲမပေးကြဖို့ လှုံ့ဆော်နေကြပါတယ်။ နောက်တစုကတော့ ဒီဆန္ဒခံယူပွဲမှာ လူထုရဲ့အသဲကြားက မဲတပြားကို အကျိုးရှိရှိ အသုံးချဖို့ဖြစ်ပြီး လူထုကို ဆန္ဒခံယူပွဲမှာ သွားရောက်ပြီး ကန့်ကွက်မဲပေးကြဖို့ လှု့ဆော်တိုက်တွန်းနေကြပါတယ်။ အားလုံးရဲ့ တူညီမှုကတော့ နအဖက တဖက်သတ်ရေးဆွဲထားတဲ့ စစ်အာဏာရှင်စနစ်ကို တရားဝင်အသက်သွင်းပြီး မြန်မာပြည်သူတွေကို ရာသက် ပန် စစ်ကျွန်ဇာတ်သွင်းမဲ့ အခြေခံဥပဒေအတုအယောင်ကို ကန့်ကွက်ကြခြင်းပါပဲ။
အခု ကျွန်တော်တို့ နအဖရဲ့ အခြေခံဥပဒေမူကြမ်းကို လေ့လာခွင့်ရပါပြီ၊ သူတို့ ရှေ့က ကြိမ်ဖန်များစွာ ပြောထားသလိုပါပဲ၊ ကျနော်တို့ အားလုံး မျှော်လင့်ထားသလိုပါပဲ၊ ဒီအခြေခံဥပဒေမူကြမ်းဟာ ၁၄ နှစ်ကျော်ကြာ လက်ရွေးစင် ခေါင်းခေါက်ရွေးချယ်ထားတဲ့ လက်ပါးစေ များနဲ့ ကျင်းပတဲ့ အမျိုးသားညီလာခံက ချမှတ်ထားတဲ့ အခြေခံမူများ၊ အသေးစိတ်မူများနဲ့ ထပ်တူထပ်မျှပါပဲ။ ဒီအခြေခံမူတွေကိုပဲ ပုဒ်မနံပါတ် တပ်လိုက်တာပါ။
ဒီအခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ်ကို တရားဝင်ပြုဖို့၊ ကာကွယ်ရေးဦးစီးချုပ်ကို အမြင့်ဆုံးအာဏာတွေ ပေးဖို့နဲ့ စစ်တပ်ဆိုတာကို တိုင်းပြည်ရဲ့ အခွင့်ထူးခံလူတန်းစားအဖြစ် ဖန်တီးပြီး ပြည်သူလူထုကို ကျေးကျွန်များအဖြစ် အသက်သွင်းဖို့ ရေးဆွဲထားတယ်ဆိုတာ အထူးပြောဖို့ မလိုတော့ပါဘူး။ ပြီးတော့ ဒီအခြေခံဥပဒေဟာ တိုင်းပြည်ရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုးစုရေးပြဿနာတွေ ကိုလည်း မဖြေရှင်းနိုင်တဲ့အပြင် ပိုပြီးဆိုးဝါးစေလိမ့်မယ်ဆိုတာကိုလည်း အထူးပြောဖို့ မလိုတော့ပါ။ ဒါပေမယ့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းမှာ နအဖကထပ်ပြီး ဖန်တီးထားတဲ့ ကောက်ကျစ်စဉ်းလဲမှု၊ လှည့်ဖျားမှုတခုကိုတော့ အရေးတကြီး ထောက်ပြချင်ပါတယ်။
အမျိုးသားညီလာခံက ချမှတ်တဲ့ အခြေခံမူများထဲမှာ အခန်း (၁၄) အသွင်ကူးပြောင်းရေးကာလ ပြဌာန်းချက်များ ပုဒ်မ(၁)မှာ ဒီလိုဆိုထား ပါတယ်။“ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး. ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲဖြင့် အတည်ပြု ပြဌာန်းပြီးသည့်နေ့မှစ၍ နိုင်ငံတော်တဝှမ်းလုံး၌ အာဏာတည်သည်။”ဒီပြဌာန်းချက်အရဆိုရင် မြန်မာနိုင်ငံလူဦးရေ ၅၄သန်းမှာ မဲပေးပိုင်ခွင့်ရှိသူ ၃၂ သန်းကျော် ရှိတယ်လို့ ခန့်မှန်းထားတဲ့အတွက်၊ နအဖ အနေနဲ့ ဒီဖွဲ့စည်းပုံကို အတည်ပြုနိုင်ဖို့အတွက် အနည်းဆုံး ၁၆ သန်းကျော် ထောက်ခံမဲရဖို့ လိုပါတယ်။
ဒါပေမယ့် ယခု ကျွန်တော်တို့ တွေ့မြင်နေရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရဲ့ အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဌာန်းချက်များ ပုဒ်မ(၄၄၁)မှာတော့ ဒီလိုပြောင်းလဲသွားပါတော့တယ်။“ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး. ထက်ဝက်ကျော် မဲပေးသည့်ဆန္ဒမဲ. မဲအများဖြင့် အတည်ပြုပြဌာန်းလိုက် သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော် တဝှမ်းလုံး၌ အာဏာတည်သည်။”
ဒီပြဌာန်းချက်အရဆိုရင် နအဖဟာ သူ့ရဲ့ဖွဲ့စည်းပုံကို အတည်ပြုဖို့အတွက် စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူများထဲမှ ၅၀% ကျော်က မဲပေးပြီး၊ အဲဒီထဲက မဲအများစုကိုပဲ ရဖို့လိုပါတယ်။ မဲပေးခွင့်ရှိသူဦးရေ ၃၂ သန်း ရှိတယ်လို့ ခန့်မှန်းထားတာမို့ ၁၆ သန်းကျော်က မဲရုံကိုလာပြီး မဲပေးရင် ဆန္ဒခံယူပွဲ အထမြောက်တယ်၊ အဲဒီထဲကမှ ၈ သန်းကျော်က ထောက်ခံမဲပေးရင် သူ့ရဲ့ဖွဲ့စည်းပုံကို အတည်ပြုတယ်လို့ ဆိုပါ တယ်။ ဒါဟာဖြင့် နအဖအနေနဲ့ သူကိုယ်တိုင် ၁၄ နှစ်ကျော် ရေးဆွဲလာခဲ့တဲ့ အခြေခံမူကို ဖေါက်ဖျက်လိုက်တာပါပဲ။ ဒါဟာဖြင့် နအဖဟာ အမျိုးသားညီလာခံကို မလွဲမရှောင်သာ တက်ရောက်ခဲ့ရတဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကို အကြီးအကျယ် စော်ကားလိုက်တာပါပဲ။ ဒါဟာဖြင့် နအဖဟာ ဆန္ဒခံယူပွဲမှာ ပြည်သူလူထုရဲ့ ကန့်ကွက်မှုကို ဘယ်လောက်တောင် ကြောက်ရွံ့နေတယ် ဆိုတာကို ထုတ်ဖေါ်ပြသ လိုက်တာပါပဲ။
ကျနော်တို့ သတိထားရမယ့် အချက်ကလေးတွေ ထပ်ရှင်းပြချင်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီးတဲ့ နောက် တရုတ်နဲ့ နအဖစစ်အုပ်စု ဆက်ဆံရေးပြေလည်မှုကြောင့် ယူနန်ပြည်နယ်ကနေ တရုတ်တွေ မြန်မာနိုင်ငံတွင်းကို အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ကြတာ အခုဆို ၂ သန်းကျော် ၃ သန်းလောက် ရှိနေပါပြီ။ စစ်အစိုးရက အထူးအခွင့်အရေးတွေ ပေးထားလို့ စီးပွား ဖြစ်ချမ်းသာနေကြတဲ့ ဒီတရုတ်တွေဟာ မန္တလေး၊ လားရှိုး၊ ကျောက်မဲ စတဲ့ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ဒေသတွေမှာ စုဝေးနေထိုင်ကြပြီး နိုင်ငံသားကဒ်(သို့) ဧည့်နိုင်ငံသားကဒ်တွေ ကိုင်ထားကြပါတယ်။ အခု နအဖရဲ့ ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေမှာလည်း ထူးထူးခြားခြား ဧည့်နိုင်ငံသားတွေ၊ ယာယီ သက်သေခံလက်မှတ်ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြုထားပါတယ်။ ဒီတရုတ်တွေက နအဖ အလိုကျ ဆန္ဒခံယူပွဲမှာ ထောက်ခံမဲပေးကြမှာ အသေအချာပါပဲ။ အဲဒီလိုပဲ နအဖအလိုကျ ထောက်ခံမဲ ပေးကြမယ့် လက်နက်ချတိုင်းရင်း သားအဖွဲ့တွေ၊ ကိုးကန့်နဲ့ ‘ဝ’ဘိန်းဘုရင်တွေ၊ ကြံဖွံ့တွေ၊ စစ်တပ်မိသားစုတွေ ပေါင်းလိုက်ရင် နအဖဟာ ဆန္ဒခံယူပွဲကို အောင်မြင်စွာ ကျင်းပနိုင်မှာဖြစ်သလို လိုအပ်တဲ့ ထောက်ခံမဲ ၈ သန်းကျော်ကိုလည်း အလွယ်တကူ ရနိုင်မှာပါ။
ဒီတော့ ကျနော်တို့အတွက် ဆန္ဒခံယူပွဲကို သပိတ်မှောက်ခြင်းဟာ ရွေးချယ်စရာ နည်းလမ်းမဟုတ်ပါ။ ကျနော်တို့လူတွေ ဆန္ဒခံယူပွဲကို မသွားလေ၊ နအဖက ကြိုက်လေ ဖြစ်ပါလိမ့်မယ်။ ဆန္ဒခံယူပွဲကိုသွားပြီး ကန့်ကွက်မဲပေးခြင်းနဲ့ နအဖရဲ့ မသမာမှုတွေကို ဖေါ်ထုတ်ခြင်း ကသာ နအဖရဲ့ စစ်အာဏာရှင်စနစ် တရားဝင်ပြုရေးစီမံချက်ကို အကောင်းဆုံး တိုက်ဖျက်နိုင်မှာပါ။
နအဖကတော့ ကောက်ကျစ်တဲ့နည်းလမ်းများနဲ့ အနိုင်ရဖို့ ကြိုးစားမှာပါ။ ဒါပေမယ့်လည်း မဲပေးတဲ့သူများလေလေ၊ ကန့်ကွက်မဲပေးသူများ လေလေ သူ့အတွက် လိမ်ဖို့ခက်လေ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ မဲရုံအားလုံးမှာ ကျနော်တို့ရဲ့ပြည်သူတွေ၊ သံဃာတွေက စောင့်ကြပ်ကြည့်ရှု နေကြမယ်ဆိုရင် ဆန္ဒခံယူပွဲရဲ့ မသမာမှုတွေကိုလည်း ဖေါ်ထုတ်နိုင်မှာပါ။ နောက်ဆုံး နအဖက သူ့ရဲ့ဖွဲ့စည်းပုံကို အတင်းအဓမ္မ အတည်ပြု လိုက်ရင်တောင်မှ ဆန္ဒခံယူပွဲဟာ မတရားလို့၊ မမျှတလို့၊ ဒီဥပဒေကို အသိအမှတ် မပြုကြဖို့ ဆက်ပြီးတိုက်ပွဲဝင်နိုင်မှာပါ။
တချို့လည်း ပြောကြပါတယ်။ လူထုက ကန့်ကွက်လို့ ဒီဖွဲ့စည်းပုံကို နအဖက အတည်မပြုနိုင်ရင်လည်း ‘တစ်’က ပြန်စလိမ့်မယ်။ အစက ပြန်ပြီးရေးဆွဲရင် နောက်ထပ် ၁၄ နှစ်ကြာအုန်းမယ်။ ဒါကြောင့် ဒီဥပဒေကိုပဲ လက်ခံအတည်ပြုလိုက်ကြပါစို့လို့ စည်းရုံးလှုံ့ဆော် နေတာလည်း ရှိပါသေးတယ်။ လုံးဝမှားပါတယ်။ ဒီဖွဲ့စည်းပုံကို လူထုက ကန့်ကွက်တာဟာ(၁) နအဖက တဖက်သတ်ရေးဆွဲထားတာ ဖြစ်လို့(၂) လူထုက ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်များရဲ့ ပါဝင်မှု မရှိလို့(၃) တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုး စုရေးပြဿနာတွေကို ဖြေရှင်နိုင်စွမ်း မရှိလို့ပါ။
ပြီးတော့ လူထုက ဖွဲ့စည်းပုံတခုတည်းကိုသာ ကန့်ကွက်တာ မဟုတ်ပါဘူး။ နအဖရဲ့ စစ်အုပ်စိုးမှုတခုလုံးကိုပါ ကန့်ကွက်တာပါ။ ဒါကြောင့် နအဖက အဆင့်(၁)က ပြန်စလိမ့်မယ်လို့ ယုံကြည်တာ မှားပါတယ်။ ပြန်စရင် တောင်မှ အဲဒီလို ပြန်စမှုဟာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းရင်းသားကိုယ်စားလှယ်များနဲ့ ဆွေးနွေးညိနှိုင်းပြီးမှ ပြန်စတာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ တဖက်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို လူထုက ပြတ်ပြတ်သားသား ငြင်းပယ်ပြီးတဲ့ နောက် နအဖကို တဖက်သတ်လုပ်ငန်းစဉ်တွေ ပြန်စဖို့ လူထုကရော တိုင်းရင်းသားအဖွဲ့အစည်းများကရော နိုင်ငံတကာမိသားစုကြီးကပါ ခွင့်ပြုမှာ မဟုတ်ပါဘူး။
နိဂုံးချုပ်အနေနဲ့ ထပ်ပြီးမေတ္တာရပ်ခံချင်ပါတယ်။
ဆန္ဒခံယူပွဲကို သပိတ်မှောက်ရေးဟာ ရွေးချယ်စရာနည်းလမ်း မဟုတ်တော့ဘူး။ ကျနော်တို့အားလုံး တညီတညာတည်း၊ တသံတည်းနဲ့ လူထုကို၊ ဝန်ထမ်းတွေ၊ တပ်မတော်သားတွေ၊ တိုင်းရင်းသားတွေ၊ ကြံဖွံ့တွေ၊ အားလုံးသောလူထုကို ဆန္ဒခံယူပွဲမှာ မဲရုံကိုသွားပြီး ကန့်ကွက်မဲတွေပေးကြဖို့၊ ပြတ်ပြတ်သားသား လှုံ့ဆော်ကြပါစို့။
လေးစားစွာအောင်ဒင်US Campaign For Burmaမတ်လ ၂၈၊ ၂၀၀၈
To Get This Article In PDF Click Here

ဆက်ဖတ်ရန်...

လွဲပြောင်းပေးအုံးမှာ......


တကယ်လားဟင်....မနောက်နဲ့နော်

ဆက်ဖတ်ရန်...

လူတမျိုးရှိသည်..


ဆက်ဖတ်ရန်...

DVB မှ သတင်းတပုဒ်



ဆက်ဖတ်ရန်...