သံဃာတော်များ အကြမ်းဖက်ခံရသည့် နှစ်ပတ်လည်နေ့ ရန်ကုန်တွင် ငလျင်လှုပ်

စစ်အစိုးရက သံဃာတော်များကို ရိုက်နှက်ဖြိုခွင်းခဲ့သည့် နှစ်ပတ်လည် ဖြစ်သောကြောင့် ယနေ့ ရန်ကုန်မြို့တွင် ငလျင် လှုပ်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောဆိုနေကြသည်။ မွန်းလွဲပိုင်း ၃ နာရီ ၁၅ မိနစ် ခန့်က လှုပ်ခတ်သွားသော ငလျင်လှိုင်းသည် ၃.၅ ရစ်ခ်ျတာ စကေးရှိပြီး ထိခိုက် ဒဏ်ရာရမှုမရှိ ကြောင်း မြန်မာနိုင်ငံ မိုးလေသနှင့် ဇလဗေဒ ဦးစီးဌာန၏ ပြောဆိုချက်အရ သိရသည်။ လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးဖြစ်ပွားစဉ် အတွင်း သံဃာတော်များအား အကြမ်းဖက် ဖြိုခွဲရန် စစ်သားများကို အမိန့်ပေးခဲ့သော နအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြစ်ဒဏ်ခတ်လို၍ ယခု ငလျင်လှုပ် ခြင်း ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့တွင်း ကောလာဟလများ ပျံ့နှံ့နေကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် မကွေးတိုင်း ပခုက္ကူမြို့ရှိ သံဃာတော်များ မေတ္တာပို့ လမ်း လျှောက်ခြင်းကို အင်အားသုံး၍ အကြမ်းဖက်ဖြိုခွဲခဲ့ပြီး စစ်အစိုးရက ယင်းလုပ်ရပ်အား မတောင်းပန်သောကြောင့် နိုင်ငံတ၀န်းရှိ သံဃာတော် များက ပတ္တနိက္ကုဇ္ဖန ကံဆောင်ခဲ့ကြသည်မှာ ယနေ့အထိ ဖြစ်သည်။ ပခုက္ကူမြို့ ဗောဓိမဏ္ဍိုင် ကျောင်းမှ သံဃာတော်တပါးက ယနေ့ နှစ်ပတ်လည်နေ့၌ ပခုက္ကူမြို့တွင် တုတ်၊ ဒိုင်းများ ကိုင်ဆောင်ထားသော ရဲ လုံခြုံရေးများစွာ ချထားကြောင်းနှင့် သံဃာတော်များ၏ စိတ်နှလုံးထဲတွင် ယမန်နှစ်က ဖြစ်စဉ်ကို မမေ့မလျော့ ရှိပြီး ဆက်လက်၍ ပတ္တနိက္ကုဇ္ဖန ကံဆောင်နေဆဲဖြစ်ကြောင်း မိန့်ဆိုသည်။

“သံဃာတွေရဲ့ စိတ်ထဲကတော့ ကံဆောင်ထားတဲ့ အတိုင်းပဲရှိကြတာပါပဲ၊ စစ်တာဆေးတာ စာရင်းတောင်းတာတော့ မရှိဘူး၊ ဆရာတော်တွေကို ထိန်းသိမ်းဖို့ ကြိုလျှောက်တာတော့ ရှိတယ်၊ ကျောင်းတိုက်ကြီးတွေနဲ့ ရပ်ကွက် သံဃနာယက ကို လျှောက်တာ၊ အစိုးရသဘောထားကတော့ တောင်းပန်မယ်ဆိုတဲ့ ရည်ရွယ်ချက် အစကတည်း က မရှိဘူးနဲ့ တူပါတယ်၊ ဒါ သူတို့ ထုံးစံပဲကိုး၊ သူတို့က သပိတ်မှောက်တာ မလှူရ မတန်းရဆိုတာကို လှူရင်ပြီး တာပဲလို့ အောက်မေ့နေတာ၊ တကယ် တော့ သပိတ်မှောက်တယ်ဆိုတာ လှူလိုက်တန်းလိုက်တာနဲ့ မပြီးပါဘူး”ဟု ဗောဓိမဏ္ဍိုင် သံဃာတော်က မိန့်သည်။ သံဃာတော်များအား အစိုးရက ယခုကဲ့သို့ ပြုမှုနေခြင်းများအတွက် ၎င်းအနေနှင့် စိတ်မချမ်းသာကြောင်း ပခုက္ကူ မြို့ခံ အမျိုးသမီး တဦးကလည်း ပြောသည်။

“မန္တလေးတိုက်(အနောက်တိုက်) အနားမှာတော့ လုံခြုံရေးချထားတယ်၊ အဲဒီ ကျောင်းတိုက် အနောက်ဘက် ရပ်ကွက်ရုံးမှာ လုံခြုံရေး ၅ ယောက်လောက်ရှိတယ်၊ ဟိုဘက် စောစောပိုင်းရက်က လွန်ခဲ့တဲ့ ၅ ရက်လောက် က ၀န်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်ဆိုလား ဆန်လာလှူတယ်တဲ့၊ အလယ်တိုက်နဲ့ အနောက်တိုက်က လက်မခံဘူးတဲ့၊ သံဃာတော်တွေ ဒီလိုဖြစ်နေ တာ၊ ကိုယ်က ဗုဒ္ဓဘာသာဆိုတဲ့အခါကျတော့ ကိုယ်ကိုးကွယ်တဲ့ ရတနာသုံးပါး ဆိုတော့ စိတ်မကောင်းဘူးပေါ့”ဟု ပြေပြသည်။ မန္တလေးမြို့မှ ထေကြီးဝါကြီး သံဃာတော်တပါးကလည်း လက်ရှိအခြေအနေအရ သံဃာတော်များ ကံဆောင် ထားခြင်းကို လှန်မည် မဟုတ်ကြောင်း ပြောဆိုသည်။ “သံဃာတွေကံဆောင်ထားတာကတော့ လှန်မှာမဟုတ်ပါဘူး၊ ဒီအတိုင်းပါပဲ၊

ဘုန်းကြီးတို့က ဘာသာ သာသနာ တိုးတက် အောင်ဆိုတဲ့ စိတ်ရှိတယ်၊ လုပ်လည်း လုပ်နေတယ်၊ ဘုန်းကြီး အယူအဆအတိုင်းဆိုရင် ဘာသာ သာသနာ လူမျိုးအတွက် မမှန်တာ မတရားတာ မလုပ်ဘူး၊ မမှန်တာ မတရားတာကိုလည်း လက်မခံပါဘူး”ဟု မိန့်ကြားသည်။ တခြားသော ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့များတွင် သံဃာတော်များကို အာဏာပိုင်များက စောင့်ကြည့် လေ့လာ လျက်ရှိပြီး လုံခြုံရေး တင်းကျပ်ထားကြောင်းလည်း သိရသည်။

“အခုက သံဃာတွေကို သိက္ခာမဲ့စေတဲ့အပြုအမူမျိုးတွေလုပ်နေတာ၊ အတုအယောင်တွေလို ဖြစ်အောင်၊ ဒါဟာ ဘာသာ သာသနာအတွက် ဆုတ်ယုတ်စေတဲ့ လက္ခဏာပဲ”ဟု ရန်ကုန်မြို့မှ ဓမ္မာစရိယ သံဃာတော် တပါးကမိန့် ဆိုသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ပခုက္ကူမြို့ရှိ မေတ္တာပို့ရွတ်ဆို လမ်းလျှောက်သည့် သံဃာတော်အပါး ၅၀၀ ခန့်ကို စစ်တပ်က အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသောကြောင့် သံဃာတော် ၁၀ ပါးခန့် ဖမ်းဆီးခံခဲ့ရပြီး သံဃာ တချို့ပြင်းထန်စွာ ဒဏ်ရာရကာ သံဃာတပါး ရိုက်နှက် ခံရသည့်ဒဏ်ရာဖြင့် ဆေးရုံတင်ခဲ့ရသည်။

0 Comments: