(၅,ဝဝဝ) တန်ငွေစက္ကူ သတင်းဆောင်းပါးများ ပိတ်ဆို့ခံရ


NEJ /(၅,ဝဝဝ) ကျပ်တန် ငွေစက္ကူ အသစ်ထုတ်ဝေမည့်အကြောင်း သတင်းဆောင်းပါးရေးသားချက်များကို ယခုတပတ်အတွင်း ထုတ်ဝေသောဂျာနယ်များတွင် စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုဘဲ တားမြစ်ပိတ်ပင်ခဲ့ကြောင်း ပြည်တွင်း သတင်းဂျာနယ်များထံမှ သိရှိရသည်။

ပြည်တွင်း ဂျာနယ်အယ်ဒီတာတဦးက

“အစိုးရက ကျပ် (၅,ဝဝဝ) တန် ငွေစက္ကူထုတ်ဝေမယ်ဆိုတော့ ဒါဟာ ဘယ်လိုသဘောရှိတယ်၊ ဈေးကွက်ကို ဘယ်လို သက်ရောက်မှုတွေ ရှိစေမယ် စသဖြင့် စီးပွားရေးပညာရှင်တွေ၊ စီမံခန့်ခွဲမှု ကျွမ်းကျင်သူတွေ၊ ပါမောက္ခတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကို မေးမြန်းပြီး ပြည့်ပြည့်စုံစုံ ရေးတင်လိုက်တယ်။ အားလုံးကို စာပေစိစစ်ရေးက ခွင့်မပြုဘူး။ သတင်းစာထဲမှာပါတဲ့ ငွေစက္ကူ (၅,ဝဝဝ) တန် ထုတ်မယ်ဆိုတာလောက်ကိုပဲ ဖော်ပြခွင့်ပေးတယ်။ ဒီလို ပိတ်ပင်တာဟာ ကျနော်တို့ ဂျာနယ်ပဲ မဟုတ်ဘူး။ ဂျာနယ်အားလုံးလိုလိုပဲ”
ဟု ပြောသည်။

အခြားဂျာနယ် အယ်ဒီတာတဦးကလည်း ဂျာနယ်အားလုံးကို ကျပ် (၅,ဝဝဝ) တန်နှင့် ပတ်သက်သည့် ဝေဖန်သုံးသပ်ချက်များကို ပိတ်ပင်ခဲ့သော်လည်း Weekly Eleven နှင့် 7Days ဂျာနယ်တို့တွင်မူ ငွေကြေးနှင့် ဘဏ်လုပ်ငန်းပညာရှင် ဦးဝင့်ကျော်နှင့် တွေ့ဆုံခန်းအတို ဖော်ပြခွင့်ရခဲ့သည်ဟု ပြောဆိုသည်။

ဝါရင့်သတင်းစာဆရာကြီးတဦးကမူ စာပေစိစစ်ရေးသည် ၂ဝ၁ဝ ရွေးကောက်ပွဲကို ထောက်ခံသည့် နိုင်ငံရေးစာပေများကို ရေးသားခွင့်ပြုခြင်း၊ ယခင် ပါလီမန်ခေတ်ကို အဆိုးထင်ဟပ်သည့် ခေတ်ဟောင်းသတင်းစာပါ ဆောင်းပါး၊ ကာတွန်းများကို ပြန်လည်ဖော်ပြခွင့်ပြုခြင်းများ ရှိသော်လည်း ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး တကယ့်အခြေအနေမှန်ကို ထင်ဟပ်စေသည့် သတင်းများဆောင်းပါးများကိုမူ ယခင်အတိုင်း ပိတ်ပင်မြဲဖြစ်သည့်အတွက် ထူးခြားတိုးတက်လာသည်ကို မမြင်တွေ့ရကြောင်း ဝေဖန်ပြောဆိုသည်။

0 Comments: