လှုပ်ရှားတက်ကြွသူ အမျိုးသမီး ၄ ဦး ဖမ်းဆီးခံရ


နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ အမျိုးသမီး ၄ ဦးအား ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်၌ ရဲများက ယခုလ ၃ ရက်နေ့တွင် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

ဒဂုံမြို့သစ် တောင်ပိုင်း မကွေး ပရိယတ္တိစာသင်တိုက်သို့ သီတင်းကျွတ် လပြည့်နေ့တွင် အတူတူဆွမ်းကပ် ပြန်လာသည့် ဒေါ်နော်အုန်းလှ (မှော်ဘီ)၊ မမြင့်မြင့်စန်း (ဒလ)၊ မချိုချိုလွင်က (သင်္ဃန်းကျွန်း)နှင့် မချို (တောင်ဒဂုံ) တို့ကို အထူးရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးကြောင်း မိသားစုဝင်များ အဆိုအရ သိရခြင်း ဖြစ်သည်။

“မနက်ပိုင်း ဈေးထွက်ပြီးတော့ မကွေး ပရိယတ္ထိ စာသင်တိုက်မှာ ဆွမ်းသွားကပ်တယ်။ နောက် ဈေးထဲမှာ ဈေးရောင်းနေရင်း အဖမ်းခံရတာ ဖြစ်တယ်” ဟု မချိုချိုလွင်၏ မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။


မချိုချိုလွင်၏ ဈေးဆိုင်သို့ ခေတ္တဝင်ရောက်ပြီး ပြန်ထွက်လာသည့် ကျန် ၃ ဦးကို စတင် ဖမ်းဆီးပြီးနောက် သူမကိုပါ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“မနော်နဲ့ မချို ၃ ယောက် ပြန်သွားတဲ့အချိန် ကားဂိတ်မှာ အဖမ်းခံရတာ။ နောက် မချိုချိုလွင်ကို ဈေးထဲမှာ ဈေးရောင်းနေတဲ့ အချိန်မှာ ပစ္စည်းတွေ လာသိမ်းခိုင်းပြီးတော့ SB (အထူးရဲသတင်းတပ်ဖွဲ့) နဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ခေါ်သွားတယ်။ သင်္ဃန်းကျွန်း ရယက (ရပ်ကွက်ကောင်စီ) ရုံးမှာ ၄ ယောက်လုံး ထားပြီး၊ SP နဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကားတွေ အဲဒီရုံးထဲမှာ အပြည့်ရှိတယ်” ဟု မချိုချိုလွင်၏ မိသားစုဝင်က ဆိုသည်။

အားလုံးကို သင်္ဃန်းကျွန်း ရယက ရုံးမှတဆင့် မည်သည့်နေရာသို့ ခေါ်ဆောင်သွားကြောင်း မသိရသေးသလို၊ မိသားစုဝင်များထံသို့လည်း အာဏာပိုင်များက ယခုအချိန်ထိ အကြောင်းမကြားသေးပါ။

ယခုလ ၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း တရားရုံး၌ ဒေါ်နော်အုန်းလှ ဦးဆောင်သည့် အင်္ဂါဆုတောင်း အဖွဲ့ဝင်များသည် အမှုကို ကြားနာရန် လာရောက်သူများကို အဝါရောင် နှင်းဆီပန်းများ လိုက်လံဝေငှပြီး နောက်တရက်တွင် အဖမ်းခံရခြင်း ဖြစ်သည်။

“ဆွမ်းကပ်သွားတယ်။ အပြန်မှာ အဖမ်းခံရတယ်။ အဲဒီကျောင်းကို ခရိုင်အာဏာပိုင်တွေ ဆွမ်းလာကပ်တာလည်း ရှိတယ်။ အာလုံး ဆွမ်းကပ်ပြီးအပြန် လမ်းမှာ အဖမ်းခံရတယ်” ဟု အင်္ဂါဆုတောင်းအဖွဲ့ဝင် တဦးက ပြောသည်။

အင်္ဂါဆုတောင်း အဖွဲ့သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဘုရားများသို့ အပတ်စဉ် အင်္ဂါနေ့တိုင်း သွားရောက်ကာ ဆုတောင်းဝတ်ပြုလေ့ရှိသည်။

အင်္ဂါဆုတောင်းအဖွဲ့ဝင်က ဆက်ပြီး “ဆွမ်းကပ်ရုံလေးနဲ့ ဖမ်းတာတော့ မဖြစ်နိုင်ဘူး။ အန်တီစု အယူခံကိစ္စနဲ့ ဖမ်းတာ ဖြစ်နိုင်တယ်။ ကျနော်တို့နဲ့ ချိန်းထားတဲ့ နေရာက တနေရာမှာ။ ဘုရားမှာ ဆုတောင်းပွဲလုပ်ဖို့ ချိန်းထားတာတော့ ရှိတယ်။ သူတို့ကို ဖမ်းသွားပြီဆိုတော့မှ သိရတာ ဖြစ်တယ်” ဟု ပြောသည်။

အားလုံးကို မည်သည့်နေရာတွင် ထားရှိသည်ကို မသိရသဖြင့် စိုးရိမ်နေကြောင်း မိသားစုဝင်များက ပြောသည်။

တက်ကြွ လှုပ်ရှားသူ အမျိုးသမီး ၄ ဦး ဖမ်းဆီးခံရသည့်နေ့သည့် သီတင်းကျွတ် လပြည့်နေ့ ဖြစ်သကဲ့သို့၊ မြန်မာသံဃာတော်များက စစ်အစိုးရ အာဏာပိုင်များအား ဘာသာရေးအရ အဆက်အဆံ မပြုလုပ်ရန် စတင်လိုက်သည် ဆိုသော တတိယအကြိမ်မြောက် ပတ္တနိကုဇ္ဇနကံဆောင်သည့် နေ့လည်း ဖြစ်သည်။
မဇ္ဈိမ သတင်း

0 Comments: