ပလီပေါက် ကင်းနေဗီ လူထုထံမှ ဓါးပြတိုက်

လှမြတ်သူ (မိဇံ) ။ ။ ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ပလီပေါက်တွင် ရေကြောင်းကင်း တာဝန် အနေဖြင့် မြစ်ကြောင်း တိုက်ရေယဉ် ရေတပ် စစ်သင်္ဘောငယ် တစီးအား အစောင့်ချထားပါသည်။
ထိုသို့ နေဗီတစီးအား သက်ဆိုင်ရာ အထက်မှ အစောင့်ချထားသဖြင့် ဒေသအတွင်း ခရီးသွားလာသူများ အနေဖြင့် သူခိုး ဓါးပြရန်ကို စိုးရိမ်စရာ မလိုဘဲ ခရီးသွားလာနိုင်ခဲ့ကြပါသည်။

သို့သော်လည်း အဆိုပါ သင်္ဘောပေါ်ရှိ ရေတပ်သားများမှာ ဒေသအတွင်း ယခင်က ကျင်လည် ကျက်စားခဲ့သော ဓါးပြများကဲ့သို့ လူထုထံမှ သွေးအေး ဓါးပြတိုက်နေသဖြင့် ခရီးသွားပြည်သူများမှာ အထူး ဒုက္ခရောက်နေကြရပါသည်။

အဆိုပါ ရေတပ်သားများသည် ကုလားတန် မြစ်ကြောင်း တလျောက် သွားလာနေသော မည်သည့် လောင်း သဗ္ဗာန် စက်လှေ ဘုတ်ကို မဆို ပလီပေါက်နှင့် တန်ခိုးချောင်းပေါက်ကနေ စောင့်ဆိုင်းပြီး ရပ်တန့်ခိုင်းကာ ငွေကောက်ခံနေပါသည်။

တရားဝင် အစိုးရပါမိတ်များဖြင့် သွားလာနေသော ဆန်၊ သစ်၊ ၀ါး၊ သစ်သီးဝလံများ တင်ဆောင်လာသော ရေယဉ်များနှင့် ငါးဖမ်းစက်လှေများမှလည်း ငွေကောက်ခံပါသည်။ မပေးလျှင် ဖြတ်သန်းသွာလာခြင်း မပြုပါ၊ ငွေမပေးနိုင်သော ရေယဉ်များကို အချိန်ကြာမြှင့်စွာ ဆိပ်ကပ်ပြီး ခရီးသွား လုပ်ကိုင် စားသောက်နေသူများကို အချိန် ကြန့်ကြာအောင် ပြုလုပ်ထားလေ့ရှိပါသည်။

ရခိုင်ပြည်နယ်တွင် ရေကြောင်းကို မှီင်္ပြီး လုပ်ကိုင်စားသောက်နေသူများမှာ ဒီရေ (ဖြားရီ) အတက်အကျကို လိုက်ပြီး ခရီးသွားလာနေကြသဖြင့် အချိန်မမှီမည်ကို စိုးရိမ်၍ ရေတပ်သားများမှ တောင်းသို့ငွေကို ပေးနေကြရပါသည်။

စစ်တွေ အခြေစိုက် အမှတ် (၁၈) ရေတပ် လက်အောက်ခံ ပလီပေါက် ရေတပ်ကင်းစခန်းမှာ ယခုကဲ့သို့ လာလာသမျှ ရေယဉ်များမှ ငွေကောက်ခံနေသဖြင့် အထူးဝင်ငွေကောင်းသော စခန်း တခုဖြစ်နေပြီး အဆိုပါ စခန်းတွင် တာဝန်ကျလိုသော ရေတပ်သား တဦးအနေဖြင့် ကျပ်ငွေ ၁၀ သိန်းထိ အထက်အရာရှိကို လာဒ်ပေးရသည်ဟုလည်း သိရပါသည်။

ယခုကဲ့သို့ တိုင်းပြည်အတွက် အသက်ပေးကာကွယ်နေပါသည်ဟု ပြောဆိုနေသော နအဖ ရေတပ်သားများမှ ကိုယ်ကျိုးအတွက် ပြည်သူများထံမှ ငွေများ မတရား ကောက်ခံနေသဖြင့် ရခိုင်ပြည်သူလူထုမှာ အကြီးအကျယ် ဒုက္ခရောက်နေကြရကြောင်း သတင်းရရှိပါသည်။

0 Comments: