ပြည်ပမီဒီယာများအပေါ် စစ်အစိုးရ မီဒီယာစစ်ပွဲ ဆက်လုပ်နေ

နယူးဒေလီ (မဇ္စျိမ)။ ။ စစ်အစိုးရအာဏာပိုင်များ ပြည်ပအခြေစိုက် မြန်မာမီဒီယာများအပေါ် ရန်သူသဖွယ် ဆက်ဆံခြင်းသည် ဆက်ရှိမည့်အပြင် ပျောက်ကွယ်မည် မဟုတ်ကြောင်း ပြည်တွင်းအခြေစိုက် စာနယ်ဇင်းသမားများက ဆိုသည်။

“ပြည်ပမီဒီယာတွေအပေါ် စစ်အစိုးရ သဘောထားက ဘယ်တော့မှ ပျော့ပြောင်းမယ် မထင်ဘူး။ သူတို့ရဲ့ ပျော့ကွက်၊ ဟာကွက်၊ မှားကွက်တွေကို ထောက်ပြနေတာတွေ၊ သူတို့အပေါ် အတိုက်အခံ လုပ်နေတာတွေကြောင့် ပါတယ်” ဟု ရန်ကုန်ရှိ အမည်မဖော်လိုသူ ဝါရင့် ဂျာနယ် အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။

သတင်းလွတ်လပ်ခွင့်၊ မိမိဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် ဆိတ်သုန်းနေသည့် စစ်အစိုးရလက်ထက်တွင် ပြည်ပသတင်းဌာနများနှင့် အဆက်အသွယ်ရှိသည်ဟု သံသယရှိသည့် သတင်းထောက်များ၊ ဂျာနယ်တိုက်များကို အာဏာပိုင်များက အနီးကပ်စောင့်ကြည့်ခြင်းများ ပြုလုပ်နေသည်ဟု သူက ဆိုသည်။


ပြည်ပသတင်းဌာနများနှင့် ဆက်သွယ်သည်ဟု စွပ်စွဲပြောဆိုကာ ရန်ကုန်အခြေစိုက် နာမည်ရ အပတ်စဉ်ထုတ် ဂျာနယ်တခုမှ သတင်းထောက်တဦးကို အလုပ်မှထုတ်ပယ်ခဲ့သည့်အပြင်၊ အချို့ကို စောင့်ကြည့်ကာလ ၂ လ သတ်မှတ်ကာ စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

“အလုပ်ကနေ ထုတ်ပစ်တဲ့အဆင့်တော့ မလုပ်ကောင်းပါဘူး။ သူ့ကို ခေါ်သတိပေးတာမျိုး၊ ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတဲ့ဟာမျိုး၊ ကြိုတင် သတိပေးတာမျိုး လုပ်သင့်ပါတယ်” ဟု ဝါရင့်မဂ္ဂဇင်း အယ်ဒီတာတဦးက ပြောသည်။

ထိုဂျာနယ်တိုက်တွင် ၎င်းတို့သတင်းထောက်များအား ပြည်ပ မီဒီယာသမားများနှင့် ဆက်သွယ်ခြင်း မပြုလုပ်ရန် သတိပေးထားသည့်အပြင်၊ ဆက်သွယ်ပါကလည်း ပြင်းထန်စွာ အရေးယူမည်ဟု ညွှန်ကြားချက် ထုတ်ထားသည်။

အလားတူ ပြီးခဲ့သည့်ဇူလိုင်လက အသစ်ထုတ်ဝေခဲ့သည့် Myanmar Post သတင်းဂျာနယ်က သတင်းထောက် ၂ ဦးကိုလည်း တစုံတရာ ကြိုတင် အသိပေးခြင်း၊ သတိပေးခြင်းမရှိဘဲ ဂျာနယ်တိုက်က အလုပ်မှ ထုတ်ပယ်ခဲ့သည်။

“ဘာ့လို့ ထုတ်တယ်ဆိုတာ တခွန်းမှ သူတို့ကို မပြောဘူး။ တလစာယူပြီး အလုပ်ကထွက်တော့ဆိုပြီး ပြောတယ်တဲ့။ သူတို့ကိုယ်၌ကလည်း ဘာကြောင့် အထုတ်ခံရတာ မသိကြဘူး” ဟု အလုပ်ထုတ်ခံရသူ ၂ ဦးနှင့် နီးစပ်သည့် မိတ်ဆွေတဦးက မဇ္စျိမကို ပြောသည်။

ဂျာနယ်တိုက်များသည် ပြည်ပသတင်းဌာနများနှင့် အဆက်အသွယ် မရှိကြောင်း ပြည်ထဲရေးဌာနသို့ ဝန်ခံကတိ ပေးထားရသော်လည်း ရုံးတွင်းလိုက်နာရမည့် သီးသန့် စည်းကမ်းချက်များ ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။

“ဒီလိုလုပ်ရတာက ကျနော်တို့ဂျာနယ်တွေအပေါ် သက်ဆိုင်ရာ အာဏာပိုင်တွေက အမြင်တိမ်းစောင်းတာမျိုး မဖြစ်အောင် ကြိုတင်ပြောရတာပါ။ မလိုအပ်ဘဲနဲ့ တိုက်က တစုံတခု ဖြစ်လာတာမျိုး မဖြစ်စေချင်ကြဘူး” ဟု အမည်မဖော်လိုသူ အယ်ဒီတာက ပြောသည်။

ပြည်တွင်းဂျာနယ်များအနေဖြင့် ၎င်းတို့ထုတ်ဝေမည့် စာမူကြမ်းများကို ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနကို တင်ပြရပြီး၊ စိစစ်ရေးခွင့်ပြုချက် ကင်းလွတ်သည့် သတင်း၊ ဆောင်းပါးတို့ကိုသာ ထုတ်ဝေခွင့်ရသည်။

စာပေစိစစ်ရေးက စာမူကြမ်းပါ အကြောင်းအရာတချို့ကို ပယ်ချပါက တစုံတရာ ရှင်းလင်းပြောပြခြင်း၊ အကြောင်းပြန်ကြားလေ့ မရှိပေ။

ပြီးခဲ့သည့်လအတွင်း မလေးရှားနိုင်ငံရှိ မြန်မာဘုန်းကြီးကျောင်းတခုက မြန်မာများအတွက် ရည်ရွယ်ကာ ကွန်ပြူတာသင်တန်းကျောင်း ဖွင့်လှစ်ခဲ့သည့်သတင်းကို ပြည်တွင်းဂျာနယ်များဖြစ်သည့် 7 Days၊ The Voice အပါအဝင် အခြားဂျာနယ်တချို့က ရေးသားထုတ်ဝေရန် ကြိုးစားခဲ့သော်လည်း စိစစ်ရေးက ပယ်ချခဲ့သည်။

ထိုသင်တန်းကျောင်းကို မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည့်အပေါ် စိစစ်ရေးက မကြိုက်နှစ်သက်သဖြင့် ပယ်ချခဲ့ခြင်း ဖြစ်နိုင်ကြောင်း စာနယ်ဇင်းသမားများက ထင်မြင်ယူဆကြသည်။

ဝါရင့်သတင်းထောက်တဦးက “ကျနော်တို့ အပြင်ထွက်လိုက်ပြီးတော့ ရေးတဲ့သတင်းတွေ စိစစ်ရေးက ပယ်တော့ နှမျောတာပေါ့ဗျာ။ အချိန်ပေးလိုက်ထားရတာ။ သုံးလို့ရမယ့် နေရာတခုကို ပို့လိုက်တော့ စာဖတ်သူတွေအတွက် တန်ဖိုးရှိပါတယ်” ဟု ပြောသည်။

မည်သို့ပင်ဆိုစေကာမူ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြည်ပမီဒီယာကို တန်ပြန်ထိုးနှက်ရန် ရည်ရွယ်ပြီး မီဒီယာကို မီဒီယာနှင့်တိုက်မည် ဆိုသည့်အတိုင်းပင် ယနေ့ထိတိုင် ရပ်တန့်မှုမရှိဘဲ နည်းမျိုးစုံသုံးကာ တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်သည်။

စစ်အစိုးရ အာဘော်များကိုသာ ရေးသား ထုတ်ဝေနေသည့် မြန်မာ့အလင်း၊ ကြေးမုံ၊ The New Light of Myanmar သတင်းစာများတွင် ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများဖြစ်သည့် ဗီအိုအေ၊ အာအက်အေ၊ ဘီဘီစီနှင့် ဒီဗီဘီတို့ကို တိုက်ခိုက်ရေးသားချက်များလည်း ဆက်လက် ဖော်ပြနေဆဲ ဖြစ်သည်။

“VOA, BBC ရန်တိုက်ပေးနေသည်။ RFA, DVB သွေးထိုးနေသည်။ ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံများ။ နားမယောင်လေနဲ့ သတိထား” ဟု သတင်းစာများတွင် ဖော်ပြလေ့ရှိသည်။

ထို့အပြင် ပြည်တွင်းထုတ် ဂျာနယ်များကို ယခုတပတ်မှစတင်ကာ ဂျာနယ်မျက်နှာဖုံး ကာလာစာမျက်နှာများတွင် အစိုးရအာဘော်များဖြစ်သည့် “မစားရတဲ့အမဲ သဲနဲ့ပက်။ ဆူပူသူတွေ ချောင်းတဲ့အကွက်၊ တွဲလက်ညီညာ တားဆီးပါ။ ရွှေပြည်တော်က အနီးမှာ” စသည့် ဆောင်ပုဒ်များကို မထည့်မနေရ ထည့်သွင်းဖော်ပြရန် ညွှန်ကြားလာသည်။

0 Comments: