ဆရာကံချွန် ကွယ်လွန်

ကာတွန်း ကံချွန် (အသက် ၆၄ နှစ်) သည် မန္တလေးနေအိမ်တွင် အသည်းကင်ဆာဖြင့် ယနေ့ ညနေ ၃ နာရီ ခွဲတွင် ကွယ်လွန်သွားပြီ ဖြစ်သည်။

အရွယ်စုံ ပရိသတ်ရှိသူ စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာ ဆရာကံချွန်၏ ရုပ်အလောင်းကို မနက်ဖြန် နေ့လည် ၁ နာရီတွင် မန္တလေးမြို့ ကြာနီကန် သုသာန်တွင် သင်္ဂြိုဟ်မည် ဖြစ်သည်။

“သူက အခုလို ဖြစ်နေတာ ၆ လလောက်တော့ ရှိနေပြီ။ အသည်း အနာဖြစ်ရာကနေ ခွဲလိုက်တာ။ ခွဲပြီးတော့ ဆေးဖြန်းလိုက်တာပေါ့။ ဆေးဖြန်းပြီးတော့ ဒီပြန်ရောက်ပြီး ၂ ပတ်လောက်နေတော့ ဆေးရုံပြန်တက်ရတယ်။ သူက မတ်လ ၂၉ ရက်က ဗိုက်ခွဲရတယ်။ ပြီးတော့ ရန်ကုန်ကိုသွားပြီး အသည်း ဆေးဖြန်းရတယ်” ဟု သူ၏ သားမက်ဖြစ်သူ ဦးမြင့်အောင် ကပြောကြားပါသည်။

ကွယ်လွန်ချိန်တွင် ဇနီးနှင့် သမီးဖြစ်သူ မိသားစုများ ကျန်ရစ်သည်။

ယနေ့ သူကွယ်လွန်ချိန်တွင် သူ့ကို ချစ်သော ပရိသတ် အပါအ၀င် နယ်ပယ်အသီးသီးမှ မိတ်ဆွေများ သူ့အိမ်တွင် စုရုံးရောက်ရှိနေပြီး၊ သူ့နောက်ဆုံး ခရီးအတွက် ၀ိုင်းဝန်းပြင်ဆင်ပေးနေသည်။

အသည်းကင်ဆာကို ဆေးကုသနေရသည့်ကြားက ဆရာကံချွန်သည် ယခုလ ၁၅ ရက်နေ့မှစ၍ ယနေ့အထိ မန္တလေးမြို့ Oriental House တွင် သူ၏ တကိုယ်တော် ပန်းချီပြပွဲကို ပြုလုပ်နေပြီး ယနေ့တွင် သူ၏ ပန်းချီပြပွဲ နောက်ဆုံးနေ့ ညနေတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

“ဆရာ ကံချွန်က မန္တလေးမှာတင် မကဘူးခင်ဗျ။ ကျနော်တို့ ဗမာ စာပေနယ်မှာကိုပဲ သူ ဆုံးသွားတာက အင်မတန်ကြီးတဲ့ ကွက်လပ်ကြီး ဖြစ်သွားတာဗျ။ သူက ကာတွန်းလည်း ဆွဲသလို ၀တ္ထုလည်း ရေးတယ်။ ဆောင်းပါးတွေလည်း အများကြီး ရေးတယ်။ ကျနော်တို့ မြန်မာပြည်မှာ ထုတ်နေတဲ့ ဂျာနယ် အစောင်ပေါင်း မြောက်မြားစွာမှာ သူက တပြိုင်ထဲ ရေးနေတာ။ မဂ္ဂဇင်းတွေရော၊ ဂျာနယ်တွေရော။ အဲဒီတော့ သူ ဆုံးသွားတယ်ဆိုရင် အဲဒီကွက်လပ်ကြီးက အကြီးကြီး။ အဲဒါကြီးကို ပြန်ဖြည့်ဖို့၊ ဖြည့်နိုင်ဖို့ဆိုတာ တော်တော် ခက်ခဲပါတယ်” ဟု မန္တလေးသား စာရေးဆရာ ဆရာကျော်ရင်မြင့်က ဆိုသည်။ ဆရာကံချွန်က သူ၏ ကိုယ်ရေးအကြောင်းအရာကို ယခုကဲ့သို့ သူ၏ တကိုယ်တော် ပန်းချီပြပွဲ လက်ကမ်းစာစောင်တွင် ရေးသားသွားခဲ့သည်။

0 Comments: