အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့်တွေ့ဆုံ

ချင်းမိုင် (မဇ္ဈိမ)။ ။ အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်(Jim Webb) သည် နေပြည်တော်တွင် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးလျှက် ရှိသည်။
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စည်းကမ်းချိုးဖောက်သည်ဆိုကာ ထောင်ဒဏ် ၁ နှစ်ခွဲ ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ခဲ့ပြီး နောက် အမေရိကန် အထက်လွှတ်တော် အမတ်တဦး၏ ဆယ်စုနှစ် တခုကျော် ကာလအတွင်း ထူးထူးခြားခြား သွားရောက်ခဲ့သော ယခုခရီးစဉ်အတွင်း စစ်အစိုးရ ရုံးစိုက်ရာ လွင်တီးခေါင် မြို့တော်တွင် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေး ပါတီများနှင့်လည်း တွေ့ဆုံမှာဖြစ်သည်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို မူအားဖြင့် ကန့်ကွက်သူဟု လူသိများသော မစ္စတာ ဂျင်မ်ဝက်ဘ် ခရီးစဉ်ကို အတိုက်အခံများက သဘောတွေ့လှသည်တော့ မဟုတ်ပါ။ မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန် ပြည်ထောင်စုသည် မြန်မာ စစ်ခေါင်းဆောင်များနှင့် သားချင်းများ၊ မိတ်ဖက် စီးပွားရေးသမားများအပေါ် ဘဏ္ဍာရေးနှင့် သံတမန်ရေးရာ ပိတ်ဆို့မှုများ ပြုလုပ်ထားသည်။
အမေရိကန်အမတ်သည် မနက်ဖြန်တွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် အရင်တွေ့ဆုံပြီး သဘောထားတင်းမာလှသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဆွေးနွေးမှာ ဖြစ်သည်။ ထို့နောက် မြို့တော်ဟောင်း ရန်ကုန်သို့ ပြန်မှာဖြစ်ပြီး အမေရိကန် သံရုံးဝန်ထမ်းများနှင့် တွေ့ဆုံပြီး ရွှေတိဂုံ ဘုရားဖူးသွားမှာဖြစ်ကြောင်း သတင်းရပ်ကွက်များက ပြောသည်။နောက်တရက်တွင် ရန်ကုန်မြို့တွင် စီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံမှာ ဖြစ်သည်။

0 Comments: