အောင်ဆန်းကွင်းကို မြက်ခင်းအတုကွင်းအဖြစ် ပြောင်းလဲမည်

Wednesday, 09 September 2009

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မိုးလုံလေလုံ အောင်ဆန်း အားကစားကွင်းအား မြန်မာနိုင်ငံတွင် ပထမဆုံး မြက်ခင်းအတု ဘောလုံးကွင်းအဖြစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF က တည်ဆောက်သွားမည်ဟု သိရသည်။

စင်္ကာပူနိုင်ငံမှ ATS Landscaping and Construction ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်မည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများကို လာမည့်လ ၈ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း ကျင်းပမည့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲအပြီး၌ စတင် တည်ဆောက်ရန် ရည်မှန်းထားသည်။

“ATS က မြက်အတုနဲ့ နည်းပညာပိုင်း တာဝန်ယူထားတယ်။ ယူ-၁၆ ပြိုင်ပွဲအပြီးမှာ တည်ဆောက်ရေး လုပ်ငန်းတွေ စနိုင်ဖို့ မှန်းထားပါတယ်” ဟု MFF မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

စင်္ကာပူ အပါအဝင် အခြားနိုင်ငံအချို့မှ မြက်ခင်းတုကွင်း တည်ဆောက်ခွင့်ရရေးအတွက် MFF ကို ကမ်းလှမ်းခဲ့ရာ ATS နှင့် လတ်တလော သဘောတူထားခြင်းဖြစ်သည်။

“မြက်အစစ် ပြန်စိုက်မယ်ဆိုရင် သိန်း ၆၀၀၊ ၇၀၀ လောက်ကုန်မယ်။ ကျနော်တို့ တွက်ကြည့်ပြီးပြီ။ အစစ်က ထိန်းသိမ်းခလည်း ဈေးကြီးတယ်၊ အာမခံချက်က သိပ်မရှိဘူး။ အဲဒီတော့ မထူးဘူး၊ ၅ နှစ်လောက်လည်း ခံမယ်၊ မြန်မာပြည်က လူတွေလည်း မြင်ဖူးအောင်ဆိုပြီး ဥက္ကဋ္ဌက စံပြဆိုပြီး လုပ်တာပါ။ အဲဒီသဘောပါပဲ” ဟု MFF တာဝန်ရှိသူက ပြောသည်။

မြက်ခင်းတုအတွက်ပင် ဒေါ်လာ ၁ သိန်းခွဲခန့် ကုန်ကျမည်ဖြစ်ပြီး၊ စုစုပေါင်း ဒေါ်လာ ၃ သိန်းခန့် ကုန်ကျမည်ဟု MFF က ခန့်မှန်းထားသည်။ ကုန်ကျငွေများကို MFF အပါအဝင် မြန်မာနေရှင်နယ်လိဂ် MNL ပြိုင်ပွဲဝင် အသင်း ၈ သင်းကလည်း စက်ပစ္စည်းများနှင့် ငွေကြေးများ ဝိုင်းဝန်းထည့်ဝင်သွားရန် MFF က ရည်ရွယ်ထားသည်။

MNL ပြိုင်ပွဲဝင် ရတနာပုံ FC အသင်း၏ စပွန်ဆာ ကုမ္ပဏီဖြစ်သည့် Alpine သောက်ရေသန့်မှ တာဝန်ရှိသူတဦးက “ဒါက MFF က ဦးဆောင်လုပ်တာလေ။ ကျနော်တို့ကတော့ တတ်နိုင်သလောက် ကူညီမှာပါ” ဟု မဇ္ဈိမကို ပြောသည်။

ထို့ပြင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ကလည်း အဖွဲ့၏ သတ်မှတ်ထားသည့် ငွေကြေးပမာဏအတိုင်း ကူညီသွားမည်ဖြစ်သည်။

ATS က မြက်ခင်းအတုကို ၅ နှစ် အာမခံ ထားရှိပြီး၊ ပုံမှန်အားဖြင့် ၁ဝ နှစ်အထိ ခံနိုင်ရည်ရှိကာ တည်ဆောက်ချိန် ကာလမှာ ၃ လနှင့် ပြီးဆုံးနိုင်သည်။

မြက်ခင်းအတု တည်ဆောက်မည့်ပုံစံမှာ အောက်ခံတွင် ကျောက်စရစ်၊ မြေဆွေးအပါအဝင် အလွှာသုံးလွှာ ခင်းကျင်းပြီး အပေါ်ဆုံးတွင်မှ မြက်ခင်းအတုကို ထားရှိမည်။

"မြက်ခင်းပုံစံက အစိမ်းရင့်ရင့်က တလိုင်း၊ အစိမ်းနုနုက တလိုင်း၊ အဲလိုပုံစံ။ ရေတော့ များများလောင်းပေးရမယ်လို့ ပြောတယ်" ဟု MFF တာဝန်ရှိသူက ဆိုသည်။

ထို့ပြင် လေးဘက်လေးတန်ရှိ ပျက်စီးယိုယွင်းနေသည့် ပွဲကြည့်စင်များကိုလည်း တပါတည်းပြုပြင်သွားမည်။

ပြင်ဆင်မွမ်းမံမှုများကို လာမည့်နှစ်ဆန်းပိုင်းအတွင်း ပြီးစီးနိုင်ရန် ရည်မှန်းထားပြီး၊ နောက်ပိုင်းတွင် နိုင်ငံတကာ ပွဲစဉ်များနှင့် MNL ပွဲစဉ်များကို ကျင်းပသွားမည်။

အောင်ဆန်းကွင်း၌ နောက်ဆုံးကစားခဲ့သည့်ပွဲစဉ်မှာ ပြီးခဲ့သည့် ဇွန်လဆန်းအတွင်းက MNL ၏ ရန်ကုန်ယူနိုက်တက်နှင့် ဥဿာယူနိုက်တက်တို့ ၂ ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်ဖြစ်သည်။ ထိုပွဲစဉ်တွင် နှစ်ဖက်ပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့သဖြင့် အာဏာပိုင်များက လုံခြုံရေး စိတ်ချရခြင်း မရှိဟုဆိုကာ ကျန်ပွဲစဉ်များအား သုဝဏ္ဏကွင်းသို့ ပြောင်းရွှေ့ကျင်းပခဲ့ကြသည်။

ပရိသတ် ၂၃၂ဝဝ ဦး ဝင်ဆန့်သည့် အောင်ဆန်းကွင်းကို ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်လက်ထက် ၁၉၂၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။ မူလအမည်မှာ BCC ကွင်းဟု ခေါ်ဝေါ်ပြီး၊ တည်ဆောင်စဉ်က ဘောလုံးကွင်းမကြီးသာရှိပြီး ပွဲကြည့်စင် မပါရှိသေးချေ။

လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ ခုနှစ်တွင် အောင်ဆန်းအားကစားကွင်းဟု အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပြီး၊ ၁၉၆၂ ခုနှစ်တွင် ပွဲကြည့်စင်များ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း အောင်ဆန်းအားကစားကွင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ရှင်းပြသည်။

သင်္ကန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏကွင်းနှင့် အောင်ဆန်းကွင်းသည် မြန်မာနိုင်ငံတွင် နိုင်ငံတကာပွဲများ အများဆုံးကစားသည့် ဘောလုံးကွင်းများ ဖြစ်သည်။

(ဆလိုင်းဟံသာစန်း သတင်းပေးပို့သည်။)


မဇ္ဈိမသတင်းဌာန မှကူးယူ ဖော်ပြပါသည်

0 Comments: