ဘတ်စ်ကား ပေါက်ကွဲမှု ၇ ဦးသေ၊ တဦး ဒဏ်ရာရ

လူ ၇ ဦး သေဆုံးပြီး ကျန်တယောက် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသော ခရီးသည်တင်ယာဉ်တစီး ပေါက်ကွဲမှုတခု ရန်ကုန်တွင် ယနေ့နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဒေသခံ ရဲများ အပြောအရ သိရသည်။

အင်းစိန်ရဲစခန်း၏ ပြောပြချက်အရ တင်္နလာနေ့နံနက် ၂ နာရီခန့်က တိုက်ကြီးနှင့် သီရိမင်္ဂလာဈေးတို့ ပြေးဆွဲနေသော ဟိုင်းလတ်အမျိုးအစား ခရီးသည်ယာဉ်တစီးသည် ရန်ကုန်နည်းပညာတက္ကသိုလ်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

“ ကားရဲ့ ဂတ်စ်အိုးကနေပြီးတော့ ပေါက်ကွဲမှု ဖြစ်တာပဲ။ … ၇ ယောက်သေပြီး တယောက်တော့ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားခဲ့တယ်” ဟု အင်းစိန်ရဲစခန်းမှ ရဲအရာရှိတဦးက မဇ္ဈိမသို့ ပြောပြသည်။ဒဏ်ရာရသူနှင့် သေဆုံးသူ ၇ ဦး၏ ရုပ်အလောင်းကို မည်သည့်နေရာတွင် ထားရှိသည်ကို သဲသဲကွဲကွဲ မသိရသေးသော်လည်း ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် တာဝန်ကျသော ရဲ၏ ပြောပြချက်အရ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်သည်ဟု ရဲအရာရှိက ပြောသည်။

မဇ္ဈိမက ရန်ကုန်ဆေးရုံကြီးသို့ ဆက်သွယ်မေးမြန်းရာ ဒဏ်ရာရရှိသူသော်လည်းကောင်း၊ သေဆုံးသူများ၏ ရုပ်အလောင်းသော်လည်းကောင်း ရောက်ရှိလာခြင်းမရှိဟု ပြောသည်။

သို့သော် ရန်ကုန်ဆေးရုံကြီးအရေးပေါ်လူနာဌာနသည် သတင်းမီဒီယာများသို့ အမှန်တိုင်းဖြေကြားခြင်းမရှိဘဲ သတင်းဖုံးကွယ်မှု ပြုလုပ်လေ့ရှိသည်။

ရန်ကုန်တွင် ခရီးသည်တင်ဘတ်စ်ကားများကို သဘာဓာတ်ငွေ့သုံးယာဉ်အဖြစ်ပြောင်းလဲလျှက်ရှိရာ ယခင်ကလည်း ဂတ်စ်အိုး ပေါက်ကွဲမှုများ ရှိခဲ့ဖူးသည်။

0 Comments: