တယ်လီပို့ အင်တာနက်လိုင်း သုံးသူများ အခက်တွေ့

ရန်ကုန်ရှိ မြန်မာတယ်လီပို့၏ ADSL မြန်နှုန်းမြှင့် အင်တာနက်လိုင်း အတက်အကျ များသဖြင့် တပ်ဆင် အသုံးပြုနေသူများ ရက်သတ္တနှစ်ပတ်ခန့် အခက်တွေ့လာရသည်။မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန လက်အောက်မှ မြန်မာတယ်လီပို့ အင်တာနက်လိုင်း သွယ်တန်းထားသည့် အင်တာနက်ဆိုင် တချို့တွင် လိုင်းအတက်အကျ ဖြစ်ဖန် များနေသည်မှာ နှစ်ပတ်ခန့် ကြာမြင့်လာပြီ ဖြစ်သဖြင့် အသုံးပြုသူများအဖို့ အဆင်မပြေရခြင်း ဖြစ်သည်။

"နှစ်ပတ်လောက်ကြာပြီ။ လာလိုက်ကျလိုက် ဖြစ်နေတာ။ လိုင်းက တအားနှေးတော့ တော်တော် အခြေအနေ ဆိုးတယ်။ Gtalk ၀င်မရဘူး။ တယ်လီပို့ကို ဖုန်းဆက်မေးကြည့်တာ ဆာဗာက ဖြစ်တယ်လို့တော့ ပြောတယ်။ ၄၅ မိနစ်၊ ၁ နာရီ ကြာမယ်ပြောတယ်။ တချက်ပြန်လာတယ်။ ပြီးတော့ ပြန်ပျက်သွားတယ်" ဟု အမည်မဖော်လိုသူ အင်တာနက် ဆိုင်ပိုင်ရှင် တဦးက မဇ္ဈိမကို ပြောသည်။

ယနေ့နံနက်တွင် ခဏတဖြုတ် လိုင်းဝင်လာပြီးနောက် ၁၀ နာရီခွဲခန့်မှ စတင်ကာ ပြန်ကျသွားသည်ဟု သူက ဆက်ပြောသည်။ အမည်မဖော်လိုသူ မြန်မာတယ်လီပို့မှ တာဝန်ရှိသူတဦးကလည်း လိုင်းအတက်အကျ ဖြစ်နေပုံကို ယခုလို ၀န်ခံ ပြောဆိုသည်။ သူက "မနေ့ကတော့ တနေကုန် လိုင်းမရဘူး ဖြစ်နေတယ်။ ဒီနေ့တော့ မနက်ပိုင်းလေး တချက်လောက် ရတယ်။ ပြီးတော့ ပျက်သွားပြန်တယ်။ ၄ ရက်လောက်တော့ ရှိပြီ" ဟု ပြောသည်။

လိုင်း အတက်အကျ ဖြစ်ရခြင်းသည် ရန်ကုန်မြို့တိုင်းရှိ တယ်လီပို့ ဆာဗာခွဲများဖြစ်သည့် မရမ်းကုန်း၊ ဘုရင့်နောင်နှင့် ဟံသာဝတီမြို့နယ်များရှိ ဆာဗာများ၌ နည်းပညာချို့ယွင်းမှုများ ရှိနေသည့်အတွက် ဖြစ်ကြောင်း သူက ဆက်ပြောသည်။"အခုတလော တယ်လီပို့ရဲ့ exchange down နေတာတွေ ရှိတယ်။ အဲဒီ down နေတဲ့ ဆိုဒ်တွေကနေ ပေးနေတဲ့ ဟာဆိုရင် မရသေးဘူး။ ကျနော်တို့က exchange တွေ ခွဲပြီး အဆင်ပြေအောင် လုပ်ထားတာဆိုတော့ တချို့ exchange တွေက ပါဝါမနိုင် ဖြစ်နေတယ်။

exchange တွေမှာ အသုံးပြုရတဲ့ power တွေ ကျနေတာ။ မနက်ပိုင်းလေးတွေတော့ ရတယ်။ ညနေပိုင်းတွေက အဆင်မပြေဘူး ဖြစ်နေတယ်။ အားလုံးတော့ မဟုတ်ပါဘူး"ယခင် မြန်မာတယ်လီပို့တွင် နည်းပညာပိုင်းဆိုင်ရာ တစုံတရာ ချို့ယွင်းမှု၊ ပြင်ဆင်မှုများ ပြုလုပ်ပါက အင်တာနက် သုံးစွဲသူများအား အသိပေးအကြောင်းကြား မေတ္တာရပ်ခံခြင်းများ ရှိခဲ့သော်လည်း ယခုအခါတွင် တစုံတရာ အသိပေး အကြောင်းကြားခြင်း မရှိသည့်အတွက် အင်တာနက် အသုံးပြုသူများ နားမလည်အောင် ဖြစ်ရကြောင်း ပုဂံတယ်လီပို့ မြန်နှုန်းမြှင့်လိုင်း သုံးစွဲသူတဦးက ယခုလို ပြောသည်။

"အရင်ကဆို တယ်လီပို့က တခုခုဖြစ်နေရင် အသိပေးတယ်။ အခုနောက်ပိုင်း ဘာမှအသိမပေးတော့ ဘာဖြစ်မှန်း မသိရဘူး ဖြစ်နေတယ်။ တချို့ပြောတာကတော့ ဆာဗာတွေရဲ့ Back Bone တွေ ဒေါင်းနေတယ်လို့တော့ ပြောသံကြားတယ်"မြန်မာတယ်လီပို့ အင်တာနက်လိုင်း သွယ်ယူ သုံးစွဲနေသူများ အခက်အခဲ ဖြစ်နေချိန်တွင် မြန်မာ့ဆက်သွယ်ရေး (MPT) အင်တာနက်လိုင်း သွယ်ယူသုံးစွဲသူများပါ လိုင်းအဆင်မပြေ ဖြစ်ရကြောင်း အမည်မဖော်လိုသူ အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာ တဦးကလည်း ယခုလို ပြောသည်။

"ကျနော်တို့က ၂ လိုင်း ယူထားတယ်။ ပုဂံ (တယ်လီပို့) ရော၊ MPT ရော။ ၂ ခုလုံးက အခုတလော အဆင်မပြေ ဖြစ်နေတာ။ လာလိုက် ကျသွားလိုက်နဲ့ ၂ ပတ်နီးပါးလောက် ကြာနေပြီ"မြန်မာတယ်လီပို့မှ တာဝန်ရှိသူက ယခုအခါ သက်ဆိုင်ရာ နည်းပညာရှင်များက ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ပြောဆိုသည်။"အကောင်းဆုံးတော့ ပြင်ဆင်နေပါတယ်။ program ပေါ် မူတည်ပြီးတော့ ၁ ရက်လည်း ကြာနိုင်တယ်။ ၂ ရက်လည်း ကြာနိုင်တယ်။ တပတ်လောက်လည်း ကြာသွားနိုင်ပါတယ် "

0 Comments: