အာဆီယံအစည်းအဝေး ချင်းမိုင်တွင် ကျင်းပမည်

မြန်မာကိုယ်စားလှယ်များ ပါဝင်တက်ရောက်မည့် အရှေ့တောင်အာရှနိုင်ငံများ အသင်းကြီး၏ ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဒီဇင်ဘာလတွင် ကျင်းပမည် ဖြစ်သည်။

မြို့တော်ဘန်ကောက်တွင် ကျင်းပရန် ယခင်က စီစဉ်ခဲ့သော်လည်း ချင်းမိုင်မြို့ ရှန်ဂရီလာ ဟိုတယ်တွင် ၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကို ပြောင်းလဲကျင်းပရန် သတ်မှတ်လိုက်သည်။ အစည်းအဝေးသည် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကြာမြင့်မည် ဖြစ်သည်။

ချင်းမိုင်မြို့၏ သာယာသောရာသီဥတုကြောင့် ပြောင်းရွှေ့ကျင်းပရခြင်း ဖြစ်သည် ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်တွင် ပါရှိသည်။သို့သော်လည်း ဘန်ကောက်တွင် အာဏာရအစိုးရကို ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပွားနေဆဲ ဖြစ်သဖြင့် လုံခြုံရေးအရ နေရာပြောင်းလဲရခြင်း ဖြစ်သည်ဟု စုံစမ်း သိရှိရသည်။

"အစည်းအဝေးကို လာရောက်ကျင်းပဖို့ကတော့ အခြေအနေအရ ပိုများတယ်…ချင်းမိုင်မှာလည် အစိုးရကို ဆန့်ကျင်တဲ့လူတွေ ရှိပေမယ့် သိပ်မများဘူး။ ထိမ်းလို့ရနိုင်တဲ့ အနေအထားမှာ ရှိတယ်။ အဲဒါကြောင့် ချင်းမိုင်မှာ လာကျင်းပတာလို့ ထင်တယ်" ဟု လုံခြုံရေး အရာထမ်းတဦးက မဇ္ဈိမသို့ ပြောသည်။

အစည်းအဝေး ကျင်းပမည့် ရှန်ဂရီလာ ဟိုတယ်က ကိုယ်စားလှယ်များအတွက် ဟိုတယ်အခန်းများ အားလုံး မှာယူထားပြီးဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။အရှေ့တောင် အာရှ နိုင်ငံများအဖွဲ့ ( Association of Southeast Asian Nations ) အာဆီယံကို ၁၉၆၇ ခုနှစ် ၊ သြဂုတ်လ (၈) ရက်နေ့တွင် အင်ဒိုနီးရှား ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ စင်္ကာပူ နှင့် ထိုင်းနိုင်ငံ တို့နှင့် စတင် တည်ထောင်ခဲ့သည်။

မဇ္ဈိမ သတင်း

0 Comments: