အမေရိကန်ဘဏ္ဍာရေး အကြပ်အတည်းကြောင့် နိုင်ငံခြားကူညီငွေ ထိခိုက်ဖွယ်ရှိ

အမေရိကန်တွင် ဖြစ်ပေါ်လျက်ရှိသော ဘဏ္ဍာရေးအကြပ်အတည်းကြောင့် ၂ဝဝ၉ ခုနှစ်တွင် ဒီမိုကရက်တစ်ပါတီမှ သမ္မတဖြစ်လာလျှင် ယခင် ကတိပြုထားသော နိုင်ငံခြားအကူအညီ ၂ ဆ တိုးပေးမည်ဆိုသည်ကို ပြန်လည် သုံးသပ်ရဖွယ်ရှိသည်ဟု ဒီမိုကရက်တစ် ဒုတိယသမ္မတလောင်း ဂျိုးဘီဒင် (Joe Biden) က ယမန်နေ့ညက ပြောသည်။


ပြည်တွင်းငွေရေးကြေးရေး အဖွဲ့အစည်းများအား ကယ်ဆယ်ရန် ဒေါ်လာ ဘီလျံ ၇ဝဝ အဆိုပြုထားခြင်းကြောင့် နိုင်ငံခြားအကူအညီကို ၂ ဆတိုးပေးမည်ဟု အိုဘားမား-ဘီဒင် (Obama-Biden) အုပ်ချုပ်ရေးအဖွဲ့က အစောပိုင်း ကတိပြုထားချက်ကို ပြန်လည်ရုပ်သိမ်းရဖွယ်ရှိသည်ဟု စိန့်လူးဝစ်မြို့တွင် ကျင်းပသော ဒုသမ္မတလောင်း ၂ ဦး၏ အချေအတင်ပြောပွဲတွင် ဘီဒင်က သတိပေးပြောကြားသွားခဲ့ခြင်းဖြစ်သည်။


“ကျနော်တို့ နည်းနည်းလျှော့ဖို့လိုတာက နိုင်ငံခြား အကူအညီကို ၂ ဆ တိုးပေးမယ်ဆိုတဲ့ ကတိကဝတ်ပဲ ဖြစ်ပါတယ်။ ဒီကိစ္စကို လျှော့ချရဖွယ် ရှိပါတယ်” ဟု လက်ရှိ ဘဏ္ဍာရေးအခြေအနေ ဆိုးဝါးမှုများကြောင့် ယခင်ပြောထားသော မူဝါဒ ရည်မှန်းချက်များကို ဘယ်လိုထိခိုက်နိုင်ပါသလဲဆိုသည့် မေးခွန်းကိုဖြေကြားရာတွင် ယခုလို ဘီဒင်က ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။


ဘုရှ်အစိုးရက ၂ဝဝ၈ ခုနှစ်အတွက် ကွန်ဂရက်လွှတ်တော်သို့ တင်ပြတောင်းခံခဲ့သော နိုင်ငံခြားအကူအညီ ဘတ်ဂျက်မှာ ၂ဝ.၂၇ ဘီလျံဒေါ်လာရှိပြီး ၂ဝဝ၇ ခုနှစ်ကနှင့် နှိုင်းစာလျှင် ၁၂ ရာခိုင်နှုန်း တက်လာခဲ့ခြင်းဖြစ်သည်။


မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံကို အုပ်ချုပ်လျက်ရှိသော ဗိုလ်ချုပ်ကြီးများနှင့် အမေရိကန်အစိုးရတို့ ဆက်ဆံရေး မကောင်းလှခြင်းကြောင့် မြန်မာနိုင်ငံအတွက် ၂ဝဝ၈ ခုနှစ်တွင် ပေးရန် သတ်မှတ်ထားသော အကူအညီမှာ နှိုင်းယှဉ်ချက်အရ နည်းလှပြီး ဒေါ်လာ ၁၃ သန်းသာ ရှိသည်။


၂ဝဝ၈ ခုနှစ် တလုံးတစည်းတည်းသော လျာထားငွေ အက်ဥပဒေ (The Consolidated Appropriations Act for 2008) အရ “အဓိကအားဖြင့် ပြည်ပတွင်ရှိသော ကျောင်းသားအဖွဲ့များနှင့် အခြားဒီမိုကရေစီအဖွဲ့အစည်းများ၊ လူသားချင်းစာနာသည့် အကူအညီများအတွက် ဒေါ်လာ ၁၃ သန်း (အများစုမှာ စီးပွားရေး ထောက်ပံ့မှုရံပုံငွေမှ) ပေးအပ်ရန် လျာထားသတ်မှတ်ထားသည်။


ဤခွင့်ပြုအကူအညီငွေမှ ဒေါ်လာ ၃ သန်းနီးပါးကို မြန်မာ့အရေးဆောင်ရွက်နေသော ထိုင်းနယ်စပ်အခြေစိုက် အဖွဲ့အစည်းများက ရရှိလိမ့်မည်ဖြစ်သည်။


ဤသို့လျှော့ချမှုများရှိခဲ့လျှင် မြန်မာနိုင်ငံနှင့် မြန်မာ့အဖွဲ့အစည်းများသို့ အိုဘားမား - ဘီဒင်အစိုးရက အကူအညီ ပမာဏ မည်မျှအထိ လျှော့ချသွားမည်ကို ယခုအချိန်တွင် မသိရသေးပါ။


ဘီဒင် (Biden) သည် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဋ္ဌဖြစ်ပြီး ယမန်နှစ်က မြန်မာနိုင်ငံမှ ဗိုလ်ချုပ်ကြီးများကို ရည်ရွယ်ပြုလုပ်ခဲ့သည့် လက်ရှိ ဘဏ်နှင့် ခရီးသွားလာမှု ပိတ်ဆို့အရေးယူရေး ဥပေဒကြမ်းဖြစ်သော မြန်မာ့ဒီမိုကရေစီ မြှင့်တင်ရေးအက်ဥပဒေ (Burma Democracy Promotion Act) ကို ရေးသားခဲ့သူဖြစ်သည်။ အခြား နိုင်ငံတနိုင်ငံ၏ အရေးတွင် မည်သည့်အချိန်၊ မည်သည့်နေရာ၌ ကြားဝင်ဆောင်ရွက်သင့်သည် ဆိုသည့်ကိစ္စနှင့် စပ်လျဉ်း၍ စံထားချက်တရပ်ကိုလည်း ပုံကြမ်းဖော်တင်ပြခဲ့သည်။


“ဤစံထားချက်မှာ ဤသို့ရေးဆွဲသတ်မှတ်ထားသင့်သည်။ ပထမဦးစွာ ကျွန်ုပ်တို့ A ဆိုပါစို့၊ ဤနိုင်ငံနှင့်စပ်လျဉ်း၍ မည်သည့်ကိစ္စမဆို ဆောင်ရွက်နိုင်စွမ်း ရှိရမည်။ ဒုတိယအချက်မှာ နိုင်ငံတကာတွင် ဤသို့ တိတိကျကျ သတ်မှတ်ထားချက်များ ရှိရေးဖြစ်သည်။ နိုင်ငံတနိုင်ငံသည် လူမျိုးတုံးသုတ်သင်မှုများ လုပ်လာလျှင်၊ နိုင်ငံတနိုင်ငံသည် အကြမ်းဖက်သမားများကို ခိုလှုံခွင့်ပေးထားပြီး၊ ထိုသူတို့နှင့် ပတ်သက်၍ ဘာမှလည်း မလုပ်ဘူးဆိုလျှင် ထိုအချိန်မျိုးတွင် ဘားရက်အို ဘားမားနှင့် မိမိတို့၏အမြင်မှာ ကျနော်တို့နိုင်ငံရဲ့ အရေးမှာ ခင်ဗျားတို့ ဘာမှဝင်စွက်စရာ မလိုဘူးဟု သူတို့၏ ပြောဆိုနိုင်ခွင့်ကို ရုပ်သိမ်းပစ်ရေးပင်ဖြစ်သည်” ဟု ဒီလာဝဲပြည်နယ် အထက်လွှတ်တော်အမတ်က ပြောကြားသွားခဲ့သည်။


“ဒါဖေါလိုကိစ္စမျိုးတွင် လူမျိုးတုံးသုတ်သင်နေသည့် ကိစ္စမျိုး၌ ကျနော့်တွင် ထိုသို့ပေးရန် ဆန္ဒမရှိပါ” ဟု ဘီဒင်က တက်ရောက်လာသူများကို ဆက်လက်ပြောကြားသွားခဲ့သည်။ ၂ဝဝ၈ ခုနှစ် ဘတ်ဂျက်အရ ဆူဒန်နိုင်ငံသည် နိုင်ငံခြား အကူအညီ ဒေါ်လာ သန်း ၁၄ဝ ရရှိမည်ဖြစ်သည်။


ကြားဝင်ဆောင်ရွက်ရေး ကိစ္စများကို ထောက်ခံအားပေးသူအဖြစ် ဘီဒင်မှာ လွှတ်တော်တွင် နာမည်ရသည်။ ဘော့စနီးယား၊ ကိုဆိုဗို၊ အီရတ်၊ ပါကစ္စတန်နှင့် ဆူဒန်နိုင်ငံတို့သို့ အမေရိကန်တပ်ဖွဲ့များစေလွှတ်ရေးကို ပြင်းပြင်းထန်ထန် ထောက်ခံပြောဆိုခဲ့သည်။


ကြာသပတေးနေ့ညကကျင်းပခဲ့သော နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အချေအတင်ဆွေးနွေးပွဲတွင် အဓိကအားဖြင့် အရှေ့ အလယ်ပိုင်း၊ အီရတ်၊ အာဖဂန်နစ္စတန် နှင့် အီရန်တို့အကြောင်းသာ
ဆွေးနွေးပြောဆိုခဲ့ကြပြီး၊ မြန်မာနိုင်ငံအကြောင်း နာမည်တပ်၍တခါမှထုတ်ဖေါ်ဆွေးနွေးခဲ့ခြင်းမရှိပါ။


လောလောဆယ်တွင် အမေရိကန်နိုင်ငံခြားအကူအညီကိုအများဆုံးရရှိနေသူမှာ အီရတ်နိုင်ငံဖြစ်သော်လည်း အစဉ်အလာအားဖြင့် ဤသို့ အများဆုံး ဝေစုရရှိခဲ့သည့်နိုင်ငံ ၂ နိုင်ငံမှာ အစ္စရေးနှင့် အီဂျစ်တို့ဖြစ်သည်။ ၂ဝဝ၈ ခုနှစ်အတွက် အစ္စရေးနိုင်ငံသို့ ပေးအပ်ရန် သတ်မှတ်ထားသော အကူအညီပမာဏမှာ ဒေါ်လာ ၂ ³ ၄ ဘီလျံ ဖြစ်သည်။ အားလုံးကို စစ်ရေးအကူအညီအဖြစ် ပေးအပ်မည်ဖြစ်သည်။


နိုင်ငံခြား အကူအညီသည် ၃ ထရီလီယံ ဒေါ်လာရှိသော အမျိုးသားဘတ်ဂျက်နှင့် နှိုင်းစာလျှင် အလွန်သေးငယ်သော အချိုးအစားသာရှိသည်။

0 Comments: