ကေအန်ယူ ခေါင်းဆောင်များ ရွေးချယ်



ကရင်အမျိုးသားအစည်းအရုံးအတွင်း ခေါင်းဆောင်ပိုင်း ခန့်အပ်ရွေးချယ်မှု ပြုလုပ်ခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် နှစ် ၆၀ ကြာ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေသည့် ကေအန်ယူ ခေါ် ကရင်အမျိုးသား အစည်းအရုံး၏ ၁၄ ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာ ၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာ-ထိုင်း နယ်စပ်အနီးတွင် ပြုလုပ်ခဲ့ကြပြီး ခေါင်းဆောင်သစ်များ ရွေးကောက် တင်မြှောက်ခဲ့ကြခြင်း ဖြစ်သည်။

ဥက္ကဌအဖြစ် ဗိုလ်ချုပ် စောတာမလာဘော၊ ဒုတိယ ဥက္ကဌ ပဒိုဒေးဗစ်သာကပေါ၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ အတွင်းရေးမှူး (၁) ပဒိုစောလှငွေ၊ အတွင်းရေးမှူး (၂) စောဒါလေးမှူးတို့ကို တင်မြှောက်ခဲ့ကြသည်ဟု စကော ကရင်ဘာသာဖြင့် ရေးသားထားသည့် ကွဲကလူလ် သတင်းဌာနအဆိုအရ သိရသည်။

ကေအန်ယူ ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ၊ ဗိုလ်ချုပ် စောတာမလာဘောသည် (၇) ဦးမြောက် ဥက္ကဌ ဖြစ်သည်။ ယခင် ဥက္ကဌဖြစ်သူ စောဘသင်စိန်သည် မေ ၂၂ ရက်နေ့က ကွယ်လွန်ခဲ့ပြီးနောက် စောတာမလာဘောသည် ယာယီဥက္ကဌအဖြစ် ထမ်းဆောင်ခဲ့သည်၊

အစည်းအဝေးသို့ ကရင် အရပ်ဘက်၊ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များ၊ ကရင်မျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ခုမှ တာဝန်ရှိသူများနှင့် ခရိုင်အသီးသီးမှ တာဝန်ရှိသူများ လည်း တက်ရောက်ခဲ့ကြသည်။

ကေအန်ယူ၏ ပထမဆုံး အမျိုးသမီးအတွင်းရေးမှူးအဖြစ် နောစီဖိုးရာစိန် အရွေးခံရ


အထွေထွေအတွင်းရေးမှူးနေရာတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတဦးအား ကျင်းပ ပြီးစီးခဲ့သည့် ကရင်အမျိုးသားကွန်ဂရက်မှ ရွှေးချယ်တင်မြှောက်လိုက်သည်။

နော်စီဖိုးရာစိန်သည် လက်ရှိ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောတာမလာဘော၏ သမီးဖြစ်ပြီး အစ်ကိုနှစ်ဦးအနက် တဦးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ စစ်ရေးချုပ် ဗိုလ်ချုပ်စောဘိလစိန်ဖြစ်ကာ ကျန်တဦးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၂) တောင်ငူခရိုင်၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောအားစီ ခေါ် မဲအေစိန်ဖြစ်သည်။



ယခုကဲ့သို့ နိုင်ငံရေး၊ စစ်ရေးကဏ္ဍများကို အဓိကတာဝန်ယူရသည့် ကရင်အမျိုးသားအစည်းအရုံး၏ အထွေ ထွေအတွင်းရေးမှူးအဖြစ် နော်စီဖိုးရာစိန်အား ရွှေးချယ်ခြင်းနှင့်ပတ်သက်၍ မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်က “ ဒီ (၁၄) ကြိမ်မြောက် ကွန်ဂရက်မှာ ကိုယ်စားလှယ်အားလုံးရဲ့ ယုံကြည်မှုအရ ရွှေးချယ်တင်မြှောက်ခံရတာဖြစ်တယ်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်ရေး၊ တိုင်းရင်းသားအရေးသာမကဘဲ မြန်မာ့အရေးကိုပါ ဦးဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်တယောက်အဖြစ် ယုံကြည်လို့ တာဝန်ပေးအပ်ခြင်းခံရတာ ဖြစ်တယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ မှန်ကန်တဲ့ ရပ်တည်ချက်၊ ပြတ်သားတဲ့မူဝါဒအပေါ်မှာ ဦးဆောင်မှုအခန်းကဏ္ဍပေးနိုင်မယ်ဆိုရင် ဘယ်သူမဆို ခေါင်းဆောင်ဖြစ်နိုင်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

0 Comments: