တရားစီရင်မှုကို မယုံ၍ ရှေ့နေပါဝါများ ရုပ်သိမ်း

အစိုးရဆန့်ကျင်ရေး ဆန္ဒပြရာတွင် ပါဝင်ခဲ့ပြီး အင်းစိန်ထောင်တွင် ဖမ်းဆီးခံနေရသူ ၄ ဦးက တရားစီရင်မှုများကို အယုံအကြည် မရှိသဖြင့် သူတို့ ရှေ့နေများ၏ ရှေ့နေ ပါဝါများကို ရုပ်သိမ်းလိုက်သည်။

လှိုင်မြို့နယ်မှ ကိုထွန်းထွန်းဦး၊ မထားထားသက်၊ ကိုအောင်ကျော်မိုး၊ ကိုမောင်မောင်လတ်တို့ ၄ ဦးသည် ယနေ့တွင် လှိုင်မြို့နယ် တရားရုံးတွင် တရားစီရင်မှု၌ အယုံအကြည် မရှိသဖြင့် ရှေ့နေများအား ယခုလို ပါဝါ ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

"သူတို့အပေါ်မှာ စွဲဆိုလုပ်ကိုင်နေတဲ့ တရားလိုတွေက မမှန်မကန် စွပ်စွဲနေတဲ့ အနေအထားတွေပေါ့နော်။ ဒီတရားစီရင်ရေးကို မယုံကြည်တဲ့အတွက် ရှေ့နေများ ပါဝါကိုလည်း ရုပ်ပါတယ်တဲ့။ တရားရုံးထုတ်တဲ့အခါ ပြောတယ်။ အမှုကို ဆက်လက်ပြီးတော့ စစ်ဆေး၊ မေးမြန်း၊ ပူးပေါင်းဆောင်ရွက်မှု မလုပ်တော့ဘူး။ အစစ်မခံတော့ဘူး။ အန်ကယ်တို့လည်း ပါဝါရုပ်ကြောင်း ရုံးတော်ကို တင်ပြပြီးတော့ ထွက်လာခဲ့တယ်'' ဟု ဗဟိုတရားရုံး ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။


အလားတူ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးတွင် လူ့အခွင့်အရေး လှုပ်ရှားသူ ကိုအောင်ဇော်ဦး၊ ကိုကျော်စိုး၊ ကိုမောင်ကံတို့သည်လည်း ပြီးခဲ့သည့်အပတ် သောကြာနေ့က သူတို့၏ ရှေ့နေအား ပါဝါ ရုပ်သိမ်းခဲ့သည်။

ထို့အပြင် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးတွင် ရွှေသံစဉ်တီးဝိုင်းမှ ဂစ်တာသမား ကိုဝင်းမော်၊ တက္ကသိုလ် ကျောင်းသားများဖြစ်သည့် ကိုပြည့်ဖြိုးလှိုင် အပါအ၀င် ၉ ဦး၊ ကိုအောင်သွင်၊ ကိုမြစံ၊ ကိုတင်စမ်း၊ ကိုအောင်မြင့်နှင့် ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် ကိုအောင်သိန်းလွင်လည်း ရှေ့နေပါဝါ ရုပ်သိမ်းလိုက်သည်ဟု သူတို့ရှေ့နေက ပြောသည်။

တရားရုံးများတွင် တရားစီရင်မှုအား အယုံအကြည် မရှိခြင်းအပေါ် ထိုင်းနိုင်ငံအခြေစိုက် အကျဉ်းသားများအား ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP မှ အတွင်းရေးမှူး ကိုတိတ်နိုင်က "တရားရုံးကို အယုံအကြည် မရှိတဲ့အခါ လိုက်ပေးနေတဲ့ ရှေ့နေတွေရော၊ တရားလိုတွေရော အယုံအကြည် မရှိတာက ဖြစ်လာတာ။ နအဖ ကတော့ သူတို့ ချမယ်ဆိုတဲ့ စီမံချက်အတိုင်း ချမှာဖြစ်တယ်။ ရှေ့နေငှားခွင့် ရှိတယ်ဆိုတာက ကိုယ့်ဘက်က ခုခံပိုင်ခွင့်နဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ ဖြစ်တယ်လေ။ ရှေ့နေတွေကို ပါဝါရုပ်သိမ်းဖို့ ပြောတဲ့ အမှုသည်တွေကိုလည်း ပြန်ပြီး စဉ်းစားသင့်တယ်" ဟု ပြောသည်။

သူက ဆက်ပြီး "ရှေ့နေတွေက ထောင်မကျအောင် လုပ်ပေးနိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အမှန်တရားနဲ့ ခုခံပိုင်ခွင့်ဆိုတာကိုတော့ လုပ်ပေးနိုင်ပါတယ်။ တချိန်ကျရင် အသုံးဝင်တာတွေ ရှိလာနိုင်ပါတယ်။ ကိုယ့်ဘက်က ဒီစွပ်စွဲခံရတဲ့ လူတွေကို ဥပဒေရေးရာ ရှေ့နေတွေကနေပြီးတော့ ပြန်လည် ချေပခဲ့တယ်ဆိုတဲ့ ကိစ္စက သူတို့ ဘယ်လောက်ပဲ ထောင်ချခဲ့သည်ဖြစ်စေ၊ တချိန်ချိန်ကျရင် အမှန်တရားကို ဖော်ထုတ်နိုင်မှာပါ" ပြောသည်။

ပြစ်မှု ကျင့်ထုံး ဥပဒေ ပုဒ်မ ၃၄၀ နှင့် အကျဉ်းထောင်များ အက်ဥပဒေ ပုဒ်မ ၄၀ များအရ ရှေ့နေနှင့် ထုချေခွင့်၊ တွေ့ခွင့်များကို နအဖ က ပေးထားသော်လည်း ဥပဒေ လုပ်ငန်းစဉ်များ လုပ်ပိုင်ခွင့် ရှိလျက်နှင့် ပါဝါ ရုပ်သိမ်းခံရခြင်းသည် အမှုသည်များ၏ အခွင့်အရေးများကို နစ်နာသည်ဟု ရှေ့နေ ကိုဖိုးဖြူက ပြောသည်။

သူက "ဥပဒေအတိုင်း ဖြစ်ချင်တယ်။ အမှန်တရားလည်း ပေါ်ပေါက်ချင်တယ်။ တကယ့်ကို အမျိုးသား နိုင်ငံရေးမှာ ရပ်တည်ချက်တွေအတိုင်း တရားဥပဒေကို ရင်ဆိုင်ချင်တဲ့ စိတ်က ၈၈ ကျောင်းသားများ၊ အရှင် ဂန္ဘီရ၊ သံဃာတွေရော အားလုံးမှာ ရှိတဲ့ တပြေးညီ ဆန္ဒပဲ ဖြစ်ပါတယ်။ အဲဒီလိုမျိုးကို လူထုကို ကိုယ်စားပြုတဲ့ ဥပဒေ စောင့်ထိန်းပေးမယ့် ရှေ့နေရှေ့ရပ်ကို လိုချင်ကြတယ်။ ဒါတွေ ဖော်ဆောင်နိုင်မယ်ဆိုရင် ရှေ့နေတွေကို ပါဝါရုပ်စရာ အကြောင်း မရှိဘူး" ဟု ပြောသည်။

အာဟာပိုင်များက ဖမ်းဆီးခံထားရသူများအား မည်သည့် ပြစ်ဒဏ်ချမှတ်မည်ဆိုသည်ကို ကြိုတင် ပြင်ဆင်ထားသဖြင့် နိုင်ငံတကာ စံချိန်စံညွှန်များနှင့် မြန်မာနိုင်ငံရှိ ဥပဒေများ မကိုက်ညီခြင်း၊ ဥပဒေဘောင် အပြင်ဘက်က ပြုလုပ်နေခြင်းသာ ဖြစ်သဖြင့် ဥပဒေကို အလွဲသုံးစား လုပ်နေခြင်း၊ ဥပဒေကို မထီမဲ့မြင် လုပ်နေခြင်းသာ ဖြစ်သည်ဟု ကိုတိတ်နိုင်က ပြောဆိုလိုက်သည်။

0 Comments: